၁၆သင်းအဆင့်ကို အစောဆုံးတက်လှမ်းနိုင်ခဲ့တဲ့ အိမ်ရှင်ဂျာမနီ၊ ပြိုင်ပွဲက ထွက်ရတဲ့ဟန်ဂေရီနဲ့ ခရိုအေးရှား၊ ဆွတ်ဇာလန်တို့ သရေသာရခဲ့တဲ့ ယူရိုဖလားပွဲ…
◾️ ခရိုအေးရှား 2-2 အယ်လ်ဘေးနီးယား
- ခရာမာရစ်74′
- ဂျာစူလာ 76′(OG)
- လာစီ 11′
- ဂျာစူလာ 90+5′
◾️ ဂျာမနီ 2-0 ဟန်ဂေရီ
- မူစီရာလာ 22′
- ဂန်ဒိုဂန် 67′
◾️ဆွတ်ဇာလန် 1-1 စကော့တလန်
- ရှကွီရီ 26′
- တွမ်မီနေး 13′
◾️အယ်လ်ဘေးနီးယားအသင်း ပွဲအစ ၁၁ မိနစ်မှာတင် ဦးဆောင်ဂိုးစရခဲ့တာကြောင့် ခရိုအေးရှား ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီး ပထမပိုင်းတစ်ပိုင်းလုံး ဂိုးပေါက်တည့်ကန်ချက်တောင် မရှိခဲ့ဘဲ အယ်လ်ဘေးနီးယားက ပိုကောင်းတဲ့ ခြေစွမ်းမျိုး မြင်တွေ့ခဲ့ရပါတယ်။ ရှုးနိမ့်နေတဲ့ ခရိုအေးရှား ဒုတိယပိုင်း စစချင်းမှာတင် တိုက်စစ်အားသန်ကစားသမားတွေကို လူစားလဲ အသုံးပြုခဲ့သလို တရစပ်ဖိအားပေး တိုက်စစ်ဆင်နေတာကြောင့် ပွဲချိန် ၇၄ မိနစ်မှာ ခရာမာရစ်က ခြေပဂိုးသွင်းယူနိုင်ခဲ့ပြီး နောက်နှစ်မိနစ်အကြာ ၇၆ မိနစ်မှာ အယ်ဘေးနီးယား ကစားသမား ဂျာစူလာရဲ့ Own Goal ကြောင့် ဦးဆောင်ဂိုးပါ ထပ်ရခဲ့တဲ့ ခရိုအေးရှားအသင်း ပြန်လာနိုင်ပြီထင်ခဲ့ပေမဲ့ ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာ Own Goal သွင်းခဲ့တဲ့ ဂျာစူလာကပဲ အယ်လ်ဘေးနီးယားအတွက် အဖိုးတန်ချေပဂိုး ပြန်သွင်းသွားခဲ့တာကြောင့် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။
ဟန်ဂေရီအသင်းကို နှစ်ဂိုးပြတ်နိုင်ခဲ့တဲ့ အိမ်ရှင်ဂျာမနီအသင်း ၁၆ သင်းအဆင့်ကို အစောဆုံး တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပေမဲ့ နှစ်ပွဲဆက်ရှုးခဲ့တဲ့ ဟန်ဂေရီကတော့ ယူရိုဖလားကိုနှုတ်ဆက်သွားရပြီဖြစ်ပါတယ်။ အိမ်ရှင် ဂျာမနီအသင်းရဲ့ အသင်းလိုက်ကစားပုံ တော်တော်လေး အဆင်ပြေနေတာ တွေ့ရပြီး တစ်ဦးချင်းအရည်အသွေးကောင်းတဲ့ ကစားသမားတွေပါ ရှိနေတာကြောင့် တော်တော်ကောင်းတဲ့ ခြေစွမ်းမျိုး မြင်တွေ့ထားရပါတယ်။ ပထမပိုင်းမှာ မူစီရာလာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး ခြေစွမ်းအသာနဲ့ ဖိကစားနေခဲ့သလို ဒုတိယပိုင်းမှာ အသင်းခေါင်းဆောင် ဂန်ဒိုဂန်က အနိုင်သေချာစေမဲ့ ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ ဟန်ဂေရီအသင်း ကစားပုံ သိပ်မညံ့ပေမဲ့ အဆုံးသတ် ညံ့ဖျင်းမှုတွေကြောင့် ချေပဂိုး ပြန်မရခဲ့ဘဲ နှစ်ဂိုးပြတ် ရှုးနိမ့်ခဲ့တာနဲ့ နှစ်ပွဲဆက် ဂိုးပြတ်ရှုးထားတာကြောင့် အကောင်းဆုံးအုပ်စုတတိယနဲ့ တောင် ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ဖိုတောင် ရာခိုင်နှုန်းမရှိသလောက်ဖြစ်သွားပါတယ်။
ရှုးလိုမရတဲ့ စကော့တလန်အသင်း ပွဲအစကတည်းက ဖိအားပေး တိုက်စစ်ဆင်ကစားခဲ့တာကြောင့် ၁၃ မိနစ်မှာတင် တိုမီနေးက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရတာကြောင့် ပြန်လည်ဖိအားပေးကစားလာတဲ့ ဆွတ်ဇာလန်အသင်း ၂၆ မိနစ်မှာ ခြေပဂိုးပြန်ရခဲ့ပြီး ဝါရင့်ကစားသမား ရှကွီရီကသွင်းယူပေးခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဂိုးထပ်မပေးရဖို နှစ်သင်းလုံး ထိန်းကစားနေခဲ့တာကြောင့် သွင်းဂိုးတွေ ထပ်မမြင်တွေ့ရဘဲ တစ်ဖက်တစ်ဂိုးစီနဲ့သာ ပွဲပြီးခဲ့ပတယ်


