သူရမချစ်ပို (သို့မဟုတ်) သမိုင်းတွင်သည့် မြန်မာအမျိုးသမီး အာဇာနည်

၁၉၅၀ပြည့်နှစ် လွတ်လပ်ရေးနေ့တွင်နိုင်ငံတော်အစိုးရမှ`သူရဘွဲ့ချီးမြှင့်ပေးအပ်ခဲ့သူအမျိုးသမီးတစ်ဦးရှိခဲ့ပါသည်။
မြန်မာ့တပ်မတော်နှင့်မြန်မာနိုင်ငံတွင် တစ်ဦးတည်းသောအမျိုးသမီးသူရဘွဲ့ပိုင်ရှင်ဖြစ်ပါသည်။ ၎င်းမှာထားဝယ်သူမလေးသူရမချစ်ပိုဖြစ်ပါသည်။
မချစ်ပိုကို ၁၉၀၇ခုနှစ်၊ ထားဝယ်မြို့တွင် မွေးဖွားကြီးပြင်းခဲ့သည်။
မချစ်ပိုသည် အသက်(၂၀)အရွယ် ၁၉၄၇ခုနှစ်တွင် BEတပ်ထဲဝင်သွားသော မောင်ဖြစ်သူအား ရှာဖွေရန် ထားဝယ်မှပြင်ဦးလွင်သို့ တစ်ဦးတည်းထွက်ခွာသွားခဲ့ပြီး
ပြင်ဦးလွင်မြို့ရှိ ဦးကြွယ်ဒေါ်ပုတို့၏မွေးစားသမီးကဲ့သို့ ချစ်ခြင်းကိုရရှိကာ ၎င်းအိမ်တွင်ဆက်လက်
နေထိုင်သွားလေသည်။ ထို့နောက် ဦးကြွယ်ဒေါ်ပုတို့နှင့် ရင်းနှီးသူBEတပ်မှ တပ်ကြပ်လှမောင်နှင့် လူငယ်သဘာဝချစ်ကျွမ်းဝင်ကာ အိမ်ထောင်ကျသွားလေတော့သည်။
မချစ်ပိုသည် BEတပ်မှစစ်သည်ဖြင့် အိမ်ထောင်ကျပြီးနောက် ၁၉၄၉ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် KNDO တပ်ဖွဲ့များသည် မေမြို့(ယခုပြင်ဦးလွင်မြို့)အား အလစ်အငိုက်စီးနင်းသိမ်းပိုက်လေသည်။
ထိုအချိန်က မေမြို့တွင် ဗိုလ်မှူးထင်ပေါ်နှင့်ဗိုလ်ကြီးဘဖြူဦးစီးသော အမှတ်(၁)BEတပ်ခွဲနှင့်အမှတ်(၂)BEတပ်ခွဲတို့သည် ရရာလက်နက်ခဲယမ်းများသိမ်းဆည်းကာ လားရှိုးဘက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။
ထိုသို့ဆုတ်ခွာသွားသောတပ်များသည် လားရှိုးတွင် ပြန်လည်စုဖွဲ့ကာ မေမြို့သို့ ပြန်လည်ချီတက်လာခဲ့ ကြသည်။
မေမြို့ ရေချမ်းအိုးရွာဘက်တွင် တိမ်းရှောက်နေကြသော BEတပ်မှအရာရှိစစ်သည်များနှင့် ကျန်တပ်ပေါင်းစုံမှတပ်ဖွဲ့ဝင်များသည်လည်း BEတပ်တွင်လာရောက်ပူးပေါင်းကြလေသည်။
ထို့နောက် တပ်ပေါင်းစုအင်အားဖြင့် ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့တွင် ပြန်လည်တိုက်ခိုက်ခဲ့ရာ
BEတပ်ကုန်း(ယခု မေမြို့အင်ဂျင်နီယာတပ်)နေရာကို ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းများကိုပါရှိခဲ့လေသည်။
ထို့အပြင် မြို့တွင်းတိုက်ပွဲအဖြစ် ဆက်လက်တိုက်ခိုက်သောတပ်ဖွဲ့ဝင်များသည်လည်း မေမြို့-လားရှိုးလမ်းတလျှောက် မြို့မရုပ်ရှင်ရုံအထိ သိမ်းပိုက်လိုက်နိုင်ခဲ့သည်။
အင်ဂျင်နီယာတပ်မှဦးဆောင်ကာ မေမြို့ကိုပြန်လည်တိုက်ခိုက်ခဲ့သော ဖေဖေါ်ဝါရီ(၂၄)ရက်နေ့အား BEတပ်ဖွဲ့(ခေါ်) အင်ဂျင်နီယာတပ်ဖွဲ့နေ့အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့လေသည်။
ထိုသို့ဖေဖေါ်ဝါရီ(၂၄)ရက်တွင် စခန်းများရှိပြီးဖြစ်သော်လည်း မြို့တွင်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားဆဲဖြစ်ပြီး တဖက်နှင့်တဖက်ခြေကုတ်စခန်းများကို အားပြုကာအဖွဲ့ငယ်များစေလွှတ်၍
အပြန်အလှန်သတင်းထောက်လှမ်း တိုက်ခိုက်နေကြလေသည်။
မြို့ပေါ်တွင်လည်း လေ့ကျင့်မှုမရှိသောအရပ်သားများသည်ပင် ရရာလက်နက်စွဲကိုင်ပြီး တပ်နှင့်ပူပေါင်းတိုက်ပွဲဝင်ကြလေသည်။
ဤအခြေအနေတွင် ခက်ခဲသောကိစ္စရပ်တစ်ခုမှာ ရန်သူသတင်းထောက်လှမ်းရေးရရှိရေးပင်ဖြစ်သည်။
ထိုစဉ်ကBEDTကုန်းမှ ထွက်လိုက်သည်နှင့် ရန်သူသည် ယောင်္ကျားမှန်သမျှအား ဖမ်းဆီးခြင်း သို့မဟုတ် ပစ်ခတ်ခြင်းများ ပြုလုပ်လျှက်ရှိပြီး မိန်းမများမှာ ဈေးရောင်းခြင်း၊ နွားကျောင်းခြင်းများဖြင့် ဝင်ထွက်လျှက်ရှိလေသည်။
BEတပ်ဦးစီးသောတပ်ပေါင်းစုအတွက် အခက်အခဲဖြစ်ပေါ်လျှက်ရှိသော သတင်းထောက်လှမ်းရှိရေးအတွက် မိမိဆန္ဒအလျောက် တာဝန်ယူလိုက်သူမှာ ထားဝယ်သူမလေး“မချစ်ပိုပင်ဖြစ်ပါသည်။
မချစ်ပိုသည် ထားဝယ်သူဖြစ်ခြင်းကြောင့် စကားပြောလျှင် အသံဝဲပြီး အသားမဖြူမညို၊ မျက်နှာလေးထောင့်စပ်စပ် အရပ်ငါးပေသုံးလက်မခန့်ရှိသည်။
စကားပြောလျှင် ခပ်ပြတ်ပြတ်ပြောတတ်သဖြင့် လုပ်စရာရှိလျှင် ပြတ်ပြတ်သားသားလုပ်မည့် သဘောကိုဆောင်လေသည်။
မချစ်ပို၏ယောင်္ကျားဖြစ်သူ တပ်ကြပ်လှမောင်အပါအဝင် အင်ဂျင်နီယာတပ်ဖွဲ့များသည် လေ့ကျင့်ရေးတပ်ကုန်းတွင် ရင်ဆိုင်ထားစဉ်
တစ်ဖက်နှင့်တဖက် အဖွဲ့ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ကြရာမှ တပ်ကြပ်လှမောင်အား သေနတ်ထိမှန်ကာဒဏ်ရာရှိခဲ့လေသည်။ မချစ်ပိုသည် ဓားတိုတလက်နှင့် လက်ပစ်ဗုံးတို့ယူဆောင်ကာ ခမောက်ဆောင်းကာ၊ တုတ်တချောင်း၊ လွယ်အိတ်တလုံးတို့ဖြင့် နွားကျောင်းသမားပုံစံဖြင့်
DKDO တပ်များတပ်စွဲထားသော မေမြို့လေ့ကျင့်ရေးတပ်ကုန်း၊ ဆေးတပ်ကုန်းများဘက်သို့ နည်းမျိုးစုံဖြင့်ဝင်ရောက်ကာ
ရန်သူ၏လက်နက်ကြီးများထားရှိရာနေရာ၊ ကွပ်ကဲရေးရုံးတည်နေရာနှင့် အခြားထောက်လှမ်းရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့လေသည်။ ရန်သူသည် နွားတစ်အုပ်နှင့် မချစ်ပိုအား နွားကျောင်းနေသည်ဟုသာ ထင်နေကြလေသည်။ မချစ်ပိုသည် နွားကျောင်းရင်းဖြင့် ရန်သူလက်နက်ကြီးပစ်ကူနေရာများ၊ စစ်သေနတ်ကြီးများချထားသည့်နေရာများအား တပ်ဖွဲ့ထံသတင်းပြန်လည်ပို့ပေးနိုင်ခဲ့လေသည်။ တခါတရံရန်သူအဖွဲ့ငယ်သုံးလေးဦးခန့်တွေ့ဆုံစဉ် အခွင့်သာပါက
လက်ပစ်ဗုံးဖြင့်တိုက်ခိုက်လာခဲ့ရာ ရန်သူတပ်ဖွဲ့များအတော်ပင် အထိနာခဲ့လေသည်။

စစ်ဆင်ရေးတွင် ကျင်လည်လာသော မချစ်ပိုသည်
လက်ရှိလုပ်ဆောင်ချက်အား အားမလိုအားမရဖြစ်ကာ ထမီအစားဘောင်းဘီဝတ်လိုကြောင်း နေရာတိုင်းသုံးမရသော လက်ပစ်ဗုံးအစား သေနတ်တပ်ဆင်ပေးရန်နှင့်
နေ့ခင်းဘက်တွင် ထောက်လှမ်းရရှိခဲ့သော နေရာများအား ညဘက်တွင် တပ်ဖွဲ့နှင့်အတူလိုက်ပါတိုက်ခိုက်လိုကြောင်း တင်ပြခဲ့လေသည်။
မချစ်ပို၏တင်ပြချက်အား ဗိုလ်ကြီးဘဖြူမှ သဘောတူကာ ရိုင်ဖယ်ဖြင့်အဆင်မပြေနိုင်သဖြင့် မချစ်ပိုအား ခြောက်လုံးပြူးထုတ်ပေးလိုက်သည်။
မချစ်ပိုသည် နေ့ခင်းဘက်တွင် သတင်းထောက်လှမ်း၍ ညဘက်တွင် ညတိုက်ပွဲများ ဆက်လက် ဆင်နွှဲကြလေသည်။
မချစ်ပိုပါဝင်သော တပ်ဖွဲ့၏တိုက်ခိုက်မှုများကြောင့် KNDOအဖွဲ့များမှာ များစွာအထိနာခဲ့လေသည်။
ထို့နောက် ထောက်ပံ့ရေးကုန်းသို့ဝင်စီးသောညတွင် ကားမချစ်ပိုကို ထိမှန်လေတော့သည်။
နေ့ခင်းဘက်က မချစ်ပိုဝင်ရောက်ထောက်လှမ်းရရှိခဲ့သည့် လက်နတ်ကြီးနေရာအား တပ်ဖွဲ့မှနောက်ပိုင်းမှမော်တာဖြင့် ဦးနှိမ်ပစ်ခတ်ထားပြီး မချစ်ပိုပါဝင်သောအဖွဲ့က
ရန်သူ၏ခံစစ်စည်းထဲသို့ အတင်းထိုးဖောက်ဝင်ရောက်သွားကြလေသည်။ ရန်သူများခေါင်းမထောင်နိုင်အောင်ဖြစ်နေချိန်တွင် စစ်သည်များကလှံစွပ်ဖြင့်
တက်ထိုးရန်ပြင်ဆင်ကြလေရာ မချစ်ပိုကလက်မခံပဲ လက်ပစ်ဗုံးဖြင့်ပစ်မည်ဟုဆိုကာလှိမ့်၍ ချည်းကပ်သွားလေသည်။
မချစ်ပိုအပစ်မခံရစေရန် စစ်သည်များကကာပစ်ပစ်ပေးရင်း ယောင်ပြလှုပ်ရှားမှုများပြုလုပ်ပေးကြလေသည်။ ရန်သူသေနတ်သံများ ရပ်ဆဲသွားခဲ့ပြန်လေသည်။
မချစ်ပိုကားထပ်မံလက်စွမ်းပြခဲ့ပြန်လေသည်။ ချည်းကပ်မျဉ်းမှပြန်အထွက်တွင် မချစ်ပိုကိုလှိမ့်မှောက်ပြီးဆုတ်ခဲ့ရန် ပြောသော်လည်း ရန်သူအားအထင်သေးမိကာ
မတ်တပ်ပြန်လာခဲ့ခြင်းကြောင့် ရန်သူသေနတ်သံတစ်ချက်ထွက်ပေါ်လာပြီး မချစ်ပိုဗိုက်ကို လက်နှင့်ဖိကာလဲကျသွားခဲ့ရလေသည်။
မချစ်ပိုကား သတ္တိကောင်းလှပေသည်။ ဒဏ်ရာရသည့်တိုင် ညည်းညူခြင်းမရှိ၊ ဗိုက်ကိုအဝတ်ဖြင့် ပတ်ပြီးဖိထားလေသည်။
ရဲဘော်များမချစ်ပိုကိုပွေ့ကာမြို့ထဲဘက်သို့ခေါ်ဆောင်သွားကြလေသည်။
ထို့နောက် နယူဆေးတိုက်မှ ဆရာဝန်ဒေါက်တာဘရှင်ရောက်ရှိလာပြီး မချစ်ပိုအားကားဖြင့်တင်ကာ ဆေးတိုက်တွင်ညတွင်းချင်းခွဲစိတ်ကုသပေးလေသည်။
ထို့သို့ခွဲစိတ်ကုသပြီးသောအချိန်တွင် KNDO အဖွဲ့များက မသင်္ကာသဖြင့် ဆေးတိုက်သို့
လာရောက်စစ်ဆေးကြသောကြောင့် ဒေါက်တာဘရှင်က မင်သေသေဖြင့် ဟောက်လွှတ်လိုက်ရာ ပြန်သွားကြကြောင်းသိရှိရလေသည်။
ထိုအချိန်က ခေတ်အခြေအနေရ လျှပ်စစ်မီးနှင့်အောက်လင်းမီးမရှိခြင်းကြောင့်မချစ်ပို၏ဒဏ်ရာကိုဖယောင်းတိုင်မီးဖြင့်ပင် ခွဲစိတ်ကုသပေးခဲ့ကြောင်း ဒဏ်ရာအား ၁၅ ချက်ခန့်ချုပ်ခဲ့ရကြောင်း
မချစ်ပိုသည် ထိုဆေးတိုက်မှာပင် တပတ်ခန့်ပုန်းအောင်းကာ ဆေးကုသနေခဲ့ရကြောင်း အနာမကျက်သေးမီ မချစ်ပိုက ပြန်ချင်လှပြီဆိုကာ မွေးစာဖခင်ဦးကြွယ်၏နေအိမ်သို့ပြန်ခဲ့လေသည်။
KNDO အဖွဲ့မှဗိုလ်အဆင့်ရှိသော စောဘစံဆိုသူမှာ ထုံးဘိုရပ်ထဲမှ မချစ်ပုဆိုသူအမျိုးသမီးနှင့်ပတ်သက်လျှက်ရှိကြောင်း၊ မချစ်ပုနှင့်စောဘစံ၏ယုတ်မာမှုများကြောင့်
အရပ်ထဲမှတခြားမိန်းကလေးများမှာလည်း ဖျက်ဆီးခံခဲ့ရသည်များလည်းရှိခဲ့ကြောင်း၊ စောဘစံ၏အမြှောင်မယားမချစ်ပု၏လက်ထောက်ချမှုကြောင့် စောဘစံအဖွဲ့သည် မချစ်ပိုကိုသိရှိသွားလေတော့သည်။
မချစ်ပို၏လှုပ်ရှားမှုများအား စောင့်ကြည့်ကာ ဆေးတိုက်မှဆင်းပြီး ဦးကြွယ်၏အိမ်တွင် ပုန်းခိုနေထိုင်နေသောမချစ်ပိုအား စောဘစံဦးဆောင်ပြီး လက်နတ်ကိုင်လေးငါးဦးခန့်ဖြင့် မချစ်ပိုအားလာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြလေတော့သည်။
မချစ်ပိုသည် ထွက်ပြေးရန်မကြိုးစား၊ ဓားတိုတချောင်းကိုဝှက်ကာလိုက်ပါသွားလေသည်။
ထိုရက်များတွင် မေမြို့ရှိ BEတပ်များမှာ မန္တလေးသို့ဆင့်ခေါ်ခြင်းခံရသဖြင့် ပြန်လည်းဆုတ်ခွာသွားကြလေရာ
တပ်ဖွဲ့ဝင်များ၏ဇနီးနှင့်သားသမီးများကို ကြည့်ရှုစောင့်ရှောက်ထားနိုင်ခြင်းမရှိတော့သဖြင့် မိသားစုဝင်များမှာဟိုသည်ပုန်းအောင်း၍နေကြရရှာ လေသည်။
မချစ်ပိုမှာလည်း ဒဏ်ရာမပျောက်ကင်းသေးသဖြင့် ကျန်ရစ်ခဲ့ရမှ အဖမ်းခံလိုက်ရခြင်းဖြစ်လေသည်။ KNDO အဖွဲ့များသည် သာမန်စစ်သည်မိသားစုများကို စိတ်ဝင်စားခြင်းမရှိဘဲ
၎င်းတို့အား နည်းမျိုးမျိုးဖြင့် တိုက်ခိုက်ကာဒုက္ခပေးခဲ့သော မချစ်ပိုကိုသာ သဲကြီးမဲကြီး
လိုက်ရှာနေခဲ့ကြခြင်းဖြစ်လေသည်။အမျိုးမျိုးစစ်ဆေးခဲ့ပါတယ်။ ခေါင်းမာတဲ့မချစ်ပိုကတော့ နောက်ဆုံးအချိန်ထိ တင်းခံသွားခဲ့ပါတယ်။
နောက်ဆုံးမှာ ရန်သူတွေက နှိပ်စက်ညှင်းပန်းပြီး ရက်စက်စွာသတ်ဖြတ်ခဲ့ပါတယ်။
မချစ်ပိုဟာ ၁၉၄၉ခုနှစ် ဧပြီလ ၈ရက်နေ့မှာ ကျဆုံးသွားခဲ့ပါတယ်။
မချစ်ပိုကျဆုံးတဲ့နေ့ရက်ဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်များက မန္တလေးမြို့ကို ပြန်လည်သိမ်းပိုက်ပြီး
မြို့သိမ်းအောင်ပွဲအခမ်းအနားပြုလုပ်တဲ့ရက်ပဲဖြစ်ပါတယ်။
မချစ်ပိုအလောင်းကို ပြန်ဖော်ပြီး မေလ ၁၆ရက်နေ့မှာ ပြင်ဦးလွင်မြို့ ထိုးဘိုရပ်မှာ
စစ်အခမ်းအနားနဲ့ သဂြိုလ်ခဲ့ပါတယ်။
မိန်းမသားတစ်ဦးဖြစ်သော်ငြား မချစ်ပိုရဲ့ ရွပ်ရွပ်ချွံချွံစွမ်းဆောင်နိုင်မှုတွေကြောင့် နိုင်ငံတော်က သူရဘွဲ့ကို ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။