၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေရန် အစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ၂၀၃၀ ပြိုင်ပွဲကို စပိန်၊ ပေါ်တူဂီ၊ မော်ရိုကို သုံးနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်သလို ဥရုဂွေး၊ ပါရာဂွေးနှင့် အာဂျင်တီးနားနိုင်ငံ၌ အဖွင့် ပွဲစဉ်သုံးပွဲ ကျင်းပဖြစ်ကြောင်း FIFA က အောက်တိုဘာ ၄ ရက်တွင် အတည်ပြုကြေညာခဲ့သည်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ကြီးသုံးခုရှိ နိုင်ငံခြောက်ခုတွင် ကျင်းပခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၂၄ ခုနှစ် အတွင်းပြုလုပ်မည့် FIFA ကွန်ဂရက် ၌ မဲပေး၍ ဆုံးဖြတ်မည်ဖြစ်သည်။ ယင်းကဲ့သို့ နိုင်ငံခြောက်ခုတွင် ကမ္ဘာ့ ဖလားပြိုင်ပွဲကျင်းပရန် ရွေးချယ်မှု အပေါ် ဝေဖန်မှုများရှိနေသဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း FIFA က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ပွဲစဉ် ၁၀၁ ပွဲကို အိမ်နီးချင်းနိုင်ငံတွေမှာ ယှဉ်ပြိုင်ကစားမယ့် ပြိုင်ပွဲဖြစ်လာမှာပါ။ သုံးပွဲကိုတော့ တောင်အမေရိကမှာ ကျင်းပမှာပါ။ အဲဒီနိုင်ငံတွေကလည်း ပထဝီဝင်အနေအထားအရ အိမ်နီးချင်းနိုင်ငံတွေဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ကို ထူးခြားတဲ့ ဂုဏ်ပြုပွဲတစ်ခုအဖြစ်ပြုလုပ်သွားမှာပါ။ FIFA အနေနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေဖို့ လိုအပ်တဲ့အစီအစဉ်အားလုံး လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု FIFA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၃၀ ပြိုင်ပွဲမှာ ၁၉၃၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ဖြစ်သောကြောင့် ပထမဆုံးအကြိမ်အဖြစ် တိုက်ကြီးသုံးခုရှိ နိုင်ငံခြောက်ခုတွင် ကျင်းပရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲအတွက် ဥရုဂွေး-အာဂျင်တီးနား-ချီလီ-ပါ ရာဂွေးနှင့် စပိန်-ပေါ်တူဂီ-မော်ရို ကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့်ရရန် လျှောက်ထားခဲ့ပြီး ဥရောပနှင့် အာဖရိက ပူးပေါင်းထားသည့် စပိန်-ပေါ်တူဂီ-မော်ရိုကို သုံးနိုင်ငံက အနိုင်ရရှိခဲ့သည်။
crd;eleven