အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့အကြား စစ်ရေးပဋိပက္ခတွေကနေ ထွက်ပြေးလာကြတဲ့ ထိုင်းနိုင်ငံသားတွေရဲ့ ပထမဆုံး ပြည်တော်ပြန်လေယာဉ်ဟာ ဒီကနေ့ အောက်တိုဘာလ (၁၂) ရက်က ဘန်ကောက်မြို့သို့ ဆင်းသက်လာခဲ့ပါတယ်။
မိသားစုဝင်တွေ ပြန်လည်ဆုံတွေ့ကြရင်း မျက်ရည်လည်ရွဲနဲ့ ရင်နင့်ဖွယ်ရာ လွတ်မြောက်မှုတွေကို ပြန်ပြောင်းပြောပြနေကြပါတယ်။
အစ္စရေးနိုင်ငံထဲမှ ထိုင်းနိုင်ငံသား ၄၁ ဦး လိုက်ပါလာတဲ့ လေယာဉ် မဆင်းခင် နာရီပိုင်းအလိုမှာ စိုးရိမ်နေတဲ့ မိသားစုတွေက လေဆိပ်မှာ အသင့်စောင့်ဆိုင်းနေခဲ့ကြပါတယ်။
အရှေ့အလယ်ပိုင်းဒေသ ကယ်ဆယ်ရေးစခန်းကနေ ထွက်ခွာလာသူ ၁၅ ဦးအပါအဝင် သူတို့ရဲ့ သံတမန်တွေရဲ့ အကူအညီနဲ့ အခုလိုမျိုး ထိုင်းနိုင်ငံတွေ စစ်ဘေးကနေ ထွက်ပြေးလွတ်မြောက်လာကြတာပါ။
ထိုင်းနိုင်ငံသား ၃၀,၀၀၀ လောက်ဟာ အစ္စရေးမှာ အလုပ်ဝင်လုပ်ကြပြီး အများစုမှာ စိုက်ပျိုးရေးကဏ္ဍဘက်မှာ ဖြစ်တယ်လို့ ဘန်ကောက်မြို့ရှိ အလုပ်သမားဝန်ကြီးဌာနထံမှ သိရပါတယ်။
အိမ်အပြန်ခရီးရှည်ကြီး အောင်မြင်ခဲ့ပြီးနောက် ဘီးတပ်ကုလားထိုင်ဖြင့် ပြန်လာရတဲ့ အလုပ်သမားနှစ်ဦးရဲ့ မျက်နှာတွေ မောပန်းနွမ်းလျနေကြပါတယ်။
” ကိုယ့်ကိုယ်ကို သေပြီလို့တောင် ထင်ခဲ့တာ။ သူတို့က ရုပ်ရှင်ထဲမှာလိုပဲ အဆက်မပြတ် ပစ်ခတ်နေကြတာ” Katchakorn Pudtason ဆိုသူက လေဆိပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။
“တိုက်ပွဲတွေက အင်မတန်ပြင်းထန်တော့ အလုပ်ရှင်က ကျနော်တို့ကို သူ့အိမ်မှာ ခိုလှုံခွင့်ပေးပါတယ်။ အခြေအနေက ငြိမ်သွားပြီလို့ ကြားရတာနဲ့ ထွက်ပြေးဖို့ ကြိုးစားတဲ့အခါ နောက်ကနေ သေနတ်သံတွေ ထွက်လာပြီး ကျနော့်ဒူးခေါင်းကို ကျည်လာမှန်တာ သိလိုက်ရတယ်” လို့ သူက ဆက်ပြောပါတယ်။
အောက်တိုဘာ ၇ ရက်က ဟားမာ့စ်တိုက်ခိုက်ရေးသမားတွေကို အစ္စရေးနယ်စပ်ကို မော်တော်ကားတွေအပြင် လေကြောင်း၊ ရေကြောင်းဖြင့် ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အရပ်သားအများစုဖြစ်တဲ့ လူပေါင်း ၁၂၀၀ ကျော်ကို စီးနင်းသတ်ဖြတ်ခဲ့ပါတယ်။
ဟားမာ့စ်တွေက သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ အစ္စရေးနိုင်ငံသား နှစ်ဦးနဲ့ တခြားနိုင်ငံခြားသားဆယ်ဂဏန်းလောက်ကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တို့စွမ်းဆောင်နိုင်ရည်ကို ဖျက်ဆီးရန် စစ်ကြေညာခဲ့ပြီး လက်တုံ့ပြန်ခဲ့ပါတယ်။ ဂါဇာတမြို့လုံးကို အစ္စရေးက မြို့တစ်ခုလုံးကို ထောင်နဲ့ချီတဲ့ အဆောက်အအုံတွေကို ပစ်ခတ်ဖျက်ဆီးတာကြောင့် ပါလက်စတိုင်းလူမျိုး ၁,၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။
အဲဒီပဋိပက္ခအတွင်း သေဆုံးသူ ထိုင်းနိုင်ငံသားဦးရေ ၂၁ ဦးအထိ တိုးလာခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် စရက်သာသာဗီဆင်က အောက်တိုဘာ ၁၂ ရက်မှာ ပြောကြားခဲ့ပါတယ်။