ဘာကာကိုဂိုးမပေးရရင် ဂန္တဝင်ကြီးရှမိုက်ကယ်ရဲ့ စံချိန်ကောင်းတစ်ခုကို လိုက်မီသွားမယ့် ဒီဂီယာ

ဘာစီလိုနာနဲ့ ယှဥ်ပြိုင်ကစားရမယ့် ယူရိုပါလိဂ် ပွဲစဥ်မှာ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ရင် ယူနိုက်တက်ဝါရင့်ဂိုးသမားကြီး ဒေးဗစ် ဒီဂီယာဟာ စံချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီစံချိန်ကတော့ ယူနိုက်တက်အသင်းမှာ နှစ်ပေါင်း ၂၄ နှစ်ကြာအောင် တည်မြဲနေခဲ့တဲ့ ဂန္ထဝင်ဂိုးသမားဟောင်းကြီး ပီတာ ရှမိုက်ကယ်ရဲ့ Clean Sheet ပွဲပေါင်း (၁၈၀) အထိ ရယူထားနိုင်တယ်ဆိုတဲ့ စံချိန်မှတ်တမ်းပဲ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က စပိန်ကလပ် အက်သလက်တီကိုကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဒီဂီယာဟာ အိုးထရပ်ဖို့ဒ်ကို ရောက်ရှိလာတာ နှစ်ပေါင်း ၁၂ လောက်ထိ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီအတောအတွင်း သရဲနီတို့အတွက် ပွဲပေါင်း ၅၁၉ ပွဲ ပါဝင်ကစားပေးထားကာ Clean Sheet (၁၇၉) ပွဲအထိ ရယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ရှမိုက်ကယ်ရဲ့ စံချိန်ကို လိုက်မီနိုင်ဖို့ တစ်ပွဲသာ လိုအပ်တော့တာပါ။ ဒါပေမယ့် သရဲနီတို့ဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ဘာစီလိုနာကို တစ်ပွဲမှ အနိုင်မရထားတာကြောင့် ဒီနူးကမ့်ခရီးစဥ်ဟာ ဒီဂီယာအတွက် တကယ့်ကိုခက်ခဲနေမှာ အသေအချာပါပဲ။ ဒါပေမယ့် ဒိန်းမတ်ဂန္ထဝင်ကြီးရဲ့ မှတ်တမ်းကို လိုက်မီနိုင်ဖို့ရာ ဒီဂီယာအတွက် အတော်လေးနီးစပ်နေတဲ့ အနေအထားကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ အချို့ မှတ်တမ်းတွေမှာတော့ စပိန်သားဟာ ရှမိုက်ကယ်ရဲ့စံချိန်နဲ့ ထပ်တူကျပြီးသားလို့ ဖော်ပြနေကြပေမယ့် အချက်အလက်ပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ Opta ဝက်ဘ်ဆိုက်ကတော့ တစ်ပွဲလိုအပ်တယ်လို့ဖော်ပြထားတာပါ။ ဒါကြောင့် ဒီဂီယာတစ်ယောက် ယနေ့ညမှာ လက်စွမ်းပြပြီး ရှမိုက်ကယ်ရဲ့စံချိန်ကို အပြည့်အဝ လိုက်မှီသွားမလား စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။