ဆရာတော်ဘုရားဟောကြားသောတရားတော်ကို ဆရာတော်ဘုရားရဲ့ရုပ်အလောင်းကိုရှုပြီး
တရားရအောင်ယူကြရပါမယ်။ မမြဲခြင်းသဘောကိုနားလည်ရပါမယ်။ အို၊ နာ၊ သေခန္ဓာကိုယ်ကြီးကို
စွန့်လွှတ်နိုင်ရပါမယ်။ အသေတတ်ရပါမယ်။
တရားမထိုင်ခင်မှာ အရင်ဦးဆုံး လုပ်ရမှာက ရုပ်ဣန္ဒြေကို လုံအောင် အရင်တည်ရတယ်။
ခေါင်းစိုက်တာတို့၊ ဘေးစောင်းတာတို့၊ အနောက်ကို မဲတင်းထားတာတို့ မဖြစ်စေနဲ့ ပြီးရင် အကြောတွေကိုလျော့။
ရုပ်တင်းရင် စိတ်လဲ တင်းတယ်။ ပြီးရင် စိတ်ကလေးကို လျော့ပြီးတော့ ယောဂီတို့ရဲ့စိတ်ကို ဗလာထားလိုက်ပါ။
ပရိကံယူပြီးပြီဆိုရင် စိတ်ထဲမှာ ဘာမှမထားနဲ့တော့။
ဘာစိတ်မှ မဖြစ်စေနဲ့တော့။ စိတ်ထဲမှာဘာကိုမှ မတွေးနဲ့တော့။ စိတ်ထဲကနေ ဘာစကားတွေမှ မပြောနဲ့တော့။
စိတ်ထဲမှာ တရားတွေ ဟောမနေနဲ့တော့။ စိတ်ထဲကနေ ဟိုစူးစမ်းဒီစူးစမ်း မလုပ်နဲ့တော့။
စိတ်ထဲမှာ ဘာမှမရှိအောင် ယောဂီတို့ရဲ့ စိတ်ကို ဗလာထား။
ပြီးတော့ ပစ္စုပ္ပန်စိတ်ကလေးနဲ့ သတိ မြဲမြဲလေး ထားပြီးတော့ ဒီဝိပဿနာတရားကို ကျင့်ရမယ်။
ဒါအဓိကပဲ။ အဲဒါနဲ့ပဲ ဘုန်းဘုန်းတို့လဲ တရားသိခဲ့တာပဲ။
တရားစခန်း၀င်တဲ့ ယောဂီတိုင်း တရားကျင့်တဲ့ ယောဂီတိုင်း ဝေဒနာကိုကြောက်ကြတယ်။
အခု စခန်းဝင်ပြီး တရားထိုင်တော့မယ်ဆိုတော့လဲ ဝေဒနာတက်မှာစိုးလို့ ကြောက်တယ်ဆိုတော့ကာ…
~ ဒီယောဂီတွေ တော်တော်ကြီးကို အံ့သြစရာကောင်းတဲ့ ယောဂီတွေပဲ။ တရားနဲ့ ဝေးတဲ့ပုဂ္ဂိုလ်တွေပဲ။
ဘုန်းဘုန်း ဒီလိုပဲ စဉ်းစားလို့ရတယ်။
ဒီဒုက္ခသစ္စာ ဓာတ်ကြီးလေးပါး၊ မြွေကြီးလေးကောင်၊ ဒီရုပ်ကြီးကို ရလာမှတော့ဖြင့် ဝေဒနာက ရှိနေပြီပေါ့။
တစ်နေ့ကျရင်လဲ ဒီဝေဒနာကပဲ၊ ဒီဓာတ်ကြီးလေးပါးကပဲ၊ ဒီမြွေကြီးလေးကောင်ကပဲ ယောဂီတို့ကို သေအောင် သတ်တော့မှာ။
အသေတတ်အောင် ယောဂီတို့ အခုကတည်း လေ့ကျင့်ရတော့မယ်။
ဘုန်းဘုန်း ကျင့်တုန်းကဆိုရင် ခြောက်ပေခေါင်းကိုသွားမယ့် ဒီရုပ်ကြီးကို ငါကောင်းကောင်းကြီး အသုံးချပြီး
သံသရာလွတ်မြောက်ရာလမ်းကို သွားရမယ်။ သူ့ကို ငါအရင်းတည်ပြီးတော့ ဒီရုပ်ကြီး သေရင်သေပါစေ
ငါသံသရာ လွတ်ရာလမ်းကို လျောက်တော့မယ် ဆိုပြီးတော့ ဘုန်းဘုန်းက ဒီလိုမျိုးကို နင်းကျင့်ခဲ့ပါတယ်။
ဒီလောကမှာ ဘုန်းဘုန်းတို့၊ ယောဂီတို့ အပါအ၀င် ခန္ဓာရရှိထားတဲ့ သတ္တဝါမှန်သမျှဟာ ဒုက္ခဝေဒနာ၊ သုခဝေဒနာ၊ ဥပေက္ခာဝေဒနာ စတဲ့
ဒီဝေဒနာသုံးပါးကို အလှည့်ကျစီ ခံစားပြီးတော့ အသက်ရှင်နေကြတာ။ အဲဒီ ဝေဒနာသုံးပါး မချုပ်သ၍ မလွတ်သ၍တော့
ယောဂီတို့တတွေ နိဗ္ဗာန်ကိုဘယ်တော့မှ မရနိုင်ဘူး။ မလွတ်မြောက်နိုင်ပါဘူး။
★ နိဗ္ဗာန်ဆိုတာ တပ်မက်မှု့၊ တွယ်တာမှု့ ကင်းရာ၊ မဖြစ်ရာ၊ တဏှာမဖြစ်ရာ၊ ကုန်ဆုံးရာ၊တဏှာမှ လွတ်မြောက်ရာ
လွတ်မြောက်ကြောင်းလို့ အဓိပ္ပါယ်ရတယ်။
ဘုန်းဘုန်းသိတာကတော့ ချမ်းသာခြင်း မရှိခြင်းဟာ အချမ်းသာဆုံးပဲ။ ကောင်းတာတွေ မရှိခြင်းဟာ အကောင်းဆုံးပဲ။
အကောင်းတကာ့ အကောင်းဆုံးတွေ မရှိခြင်းဟာ အကောင်းဆုံးပဲ။
★ လောကကြီးဟာ ဗလာ ဖြစ်သွားတာ။ ရုပ်ဗလာ၊ နာမ်ဗလာ ဖြစ်သွားတာ ….
★ အဲဒီလမ်းကို ရောက်သွားရင် ယောဂီတွေကို ဒီတရားကို မကျင့်နဲ့လို့ ရိုက်ပြီးတားရင်တောင် မရတော့ပါဘူး။
အရိုးကြေကြေ အရည်ခမ်းခမ်း ဒီရုပ်ကြီးကိုမညှာတော့ပါဘူး၊ ဒီရုပ်ကိုခိုင်းစရာအကောင်ကြီး တစ်ကောင်လို သဘောထားပြီး
မညှာမတာ နင်းကျင့်တော့တာ။
★ လူရယ်လို့ တစ်ဘ၀တစ်ခါ လာဖြစ်ရတာ တန်အောင်ခိုင်းကြရမှာပေါ့ ယောဂီတို့ရေ …… Credit_ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ သာသနာပြုအဖွဲ့ (စင်္ကာပူ)ဓမ္မဒါန ရေးသားပူဇော်ပါသည်။