ဥပဒေ အပေါ် ပညာရှင်များ၏ အဓိပ္ပါယ်ဖွင့်ဆိုပုံများ

ဥပဒေနဲ့ပတ်သတ်လို့ ပညာရှင်များက အမျိုးမျိုးဆိုကြပါတယ်။

မြန်မာဥပဒေပညာရှင် ဒေါက်တာဘဟန်ကတော့၊ ” Law is a body of rules . . .” ဆိုပြီး အစချီထားပါတယ်။

ဥပဒေပညာရှင် သမ္မတဟောင်း ဒေါက်တာမောင်မောင် ကလည်းပြောထားတာရှိပါတယ်။ ” Law is principally made by the legislative authority. Previous laws have to be amended, repealed and . . .” စသဖြင့် ဥပဒေကို အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းက အဓိကပြဌါန်းတယ်။ ပြဌါန်းပြီးတဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်တယ်။ ပါယ်ဖျက်နိုင်တယ် . . ဆိုပြီးအများအပြားအနက်ဖွင့် ထားတာရှိပါတယ်။

Natural Law ( ဥပဒေဆိုတာ သဘာဝတရားအတိုင်း ထာဝရ အမှန်တရားဖြစ်သည်။ )

**************

Natural Law ၏ဖခင် Aristotle က အတွေးအခေါ်တို့သည် ကိုယ်ကျင့်သိက္ခာ Moral virtue မှအစပြုသည်။ တရားမျှတမှုသည် ကိုယ်ကျင့်သိက္ခာ တန်ဖိုးတို့အပေါ် အခြေခံသည်။ တဖန် ထိုတာဝန်တို့သည် အလယ်တည့်တည့်တွင် ရပ်တည်နေရာ (မဇျိမဋိပဋာ) မှ လာခြင်းဖြစ်ပြီး အလွန် အကျွံဖြစ်သော အစွန်းနှစ်ဖက်မှမဟုတ်ဟုဆိုသည်။ Natural Law ၏ ရည်ရွယ်ရင်းမှာ . . . မတရားသောဥပဒေအား ဥပဒေဟုမသတ်မှတ် (an unjust law is no law at all) လက်တင်ဘာသာ Lex iniusta non est lex မှ မွေးစားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ သဘာဝတရားတွင် လိုက်နာရမည့် ဥပဒေများ အလိုအလျောက်တည်ရှိနေသည်။ မတရားမှုသည် သဘာဝကိုဆန့်ကျင်သောကြောင့် ဥပဒေမဟုတ်ဟုဆိုသည်။

Legal Positivist (လူဖန်တီးသည့် ဥပဒေကို လူသားကောင်းကျိုးအတွက် လူက ပြန်ပြင်နိုင်သည်)

******************

Hart ဆိုသူမှာ ခေတ်သစ်ပင်တိုင် Legal Positivist ဖြစ်သည်။ ၄င်းက ဥပဒေဆိုသည်မှာ လူ့အဖွဲ့အစည်း တစ်ခုရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးတဲ့၊ ထိုလူ့အဖွဲ့အစည်းက လက်ခံမည့်ဆီလျော်သော ကျင့်ထုံးများကို ပေါင်းဆည်းထားသည့် စနစ်ကြီးတစ်ခု ဖြစ်သည်ဟုဆိုပါသည်။ ဥပဒေနှင့် ကိုယ်ကျင့်တရားသည် ဆက်စပ်၍မရ။ လူမှုလိုအပ်ချက်များအရ၊ ထိုလူအဖွဲ့အစည်းကလက်ခံသော ဥပဒေစနစ်တစ်ခု ပေါ်ပေါက်လာသည်။ ထို့ကြောင့် ဥပဒေသည် လူအဖွဲ့အစည်းလိုအပ်ချက်များ အပေါ်အခြေခံရေးဆွဲသင့်သည်ဟုဆိုသည်။ ရေးဆွဲလိုက်သောဥပဒေသည် သဘာဝတရားပေါ် အခြေမခံပါ။ ဥပဒေပြုအာဏာက ပြဌါန်းလိုက်သည့် စံစနစ်များ Positive norms ကိုလိုက်နာရမည်ဖြစ်၏။ ထိုပြဌါန်းချက်များသည် လူထုကလက်ခံသော စံအတိုင်း အတာများနှင့်အညီရေးဆွဲရာ ထိုလူအဖွဲ့အစည်းအတွက် တရားမျှတမည်ဖြစ်သည်။

(ဥပဒေဆိုတာ နှစ်ဦးနှစ်ဖက် အကြား အပြန်အလှန် လေးစားတန်ဖိုးထားခြင်း)

******************

Lon L. Fuller က ဥပဒေရဲ့တကယ့်အတွင်းပိုင်း အနစ်သာရက ကိုယ်ကျင့်တရားတွေဟုဆိုပြန်သည်။ ဥပဒေ၏လုပ်ဆောင်ချက်က ၂ မျိုးရှိသည်။

၁။ လူ့အဖွဲ့အစည်းတစ်ခု ရုန်းရင်းဆန်ခတ်ဖြစ်မနေပဲ တည်ငြိမ်နေစေရေး။

ထိုသို့တည်ငြိမ်စေရန် လူတစ်ဦးစီ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့် Human Autonomy ကို အစိုးရနှင့် လူထုအကြား ဖြစ်စေ၊ လူအချင်းချင်းဖြစ်စေ၊ အပြန်အလှန် တန်ဖိုးထား လေးစားရမည်။

၂။ ထိုတန်ဖိုးများအပြုအမှုများကိုဥပဒေကျင့်ထုံးများဖြင့် ထိန်းညှိပေးရန်ဖြစ်သည်။

Legal Realism (Movement) (ဥပဒေဆိုတာ လက်တွေ့ဝါဒ၊ ဘက်လိုက်မှုရှိ၊ ခံစားချက်ကို ဦးစားပေး)

*****************************

ဥပဒေကိုလူတွေက ဖန်တီးခြင်းဖြစ်သောကြောင့် အားနည်းချက် မပြည့်စုံမှုများကတော့ အစဉ်အမြဲရှိနေမည်။ တခါတရံ တရားစီရင်ပိုင်ခွင့်အာဏာသည် တရားသူကြီး၏ လက်ဝယ်တွင်ရှိသောကြောင့် တရားမျှတမှုသည် တဖက် စောင်းနင်း ကျတတ်သည်ဟုဆိုသည်။ တရားသူကြီးတို့သည် ဥပဒေပညာကိုကျောင်းများတွင် အတိအကျ အပြိုင်အဆိုင် လေ့လာလေ့ကျင့်ခဲ့ရမည်။ ဥပဒေသမားတို့လိုက်နာအပ်သော ခံစားချက်ကို ဦးစားမပေး တရားမျှတမှုကို ဦးစားပေးမည့် အကျင့်များ ကျင့်ခဲ့ရမည်။ ထိုသို့ကျင့်မည်ဖြစ်ကြောင်း သစ္စာဆိုခဲ့ရမည်။ တရားစီရင်ခွင့်အာဏာကို တဖန်ပြန်လည်ကန့်သတ် ထားသည့်ဥပဒေများ အတိအကျရှိရမည်။ ကန့်သတ်ချက်ကို မလိုက်နာပါက တရားဥပဒေအမှုထမ်း ဆောင်ရွက်ခွင့်ရမည်မဟုတ်။ ထို့အပြင် တစ်ယောက်တည်း စီရင်ရခြင်းမဟုတ်။ တရားသူကြီးအများနှင့်တကွဥပဒေသမားများအပါအဝင် လူတွေကပါ ကြားနာစီရင်ခြင်းဖြစ်သည်။ ရာဇဝတ်မှုများတွင် ဂျူရီလူကြီးများ ပါရှိလိမ့်ဦးမည်။ အလွန်ပြင်းထန်သောအမှုမျိုးကို ကိုင်တွယ်ရမည်ဆိုလျှင် တရားမျှတမှုကို မလွန်ဆန်နိုင်တောင်မှ ခံစားချက်ကို နည်းနည်းလေး ဦးစားပေးဆုံးဖြတ်လိုက်မည်ကို မည်သူ သိန်ုင်မည်နည်း။

Critical Legal Studies (Legal Positivist သဘောတရားနှင့် ဆင်တူသော်လည်း တော်လှန်မှု ပါဝင်သည်။)

************************

ဥပဒေဆိုင်ရာအတွေးအခေါ်တစ်ခုလုံးကို တော်လှန်ချင်သည်။ ဥပဒေနှင့်လောဂျစ်တွင်ပါဝင်သည့် ကျိုးကြောင်းဆက်စပ်ပြီး ငြင်းဆိုခြင်းများ၊ သီအိုရီများ၊ ခြုံငုံထုတ်ယူခြင်းများ၊ စံစနစ်များကိုအသိအမှတ်မပြုလို။ ၄င်းတို့ကို အိုင်ဒီယာများအဆင့်သာ သဘောထားလိုသည်။ အဓိကအကြောင်းရင်းမှာ ဥပဒေမှာ တရားသေမဟုတ် (interminate) Social Context အတွင်းက လှုပ်ရှားရခြင်းဖြစ်သည်ဟုဆို၏။ Holmes ရဲ့ ဘက်မလိုက်တရားသူကြီးမရှိနိုင်ကြောင်း ဥပမာကို ပြန်အခြေခံပါသည်။

ပညာရှင်အမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုးဖွင့်သော် လည်း ဥပဒေရဲ့ အခြေခံဖြစ်သော

  • ဥပဒေအထက်တွင် မည်သူမျှမရှိစေရ။
  • လူတိုင်း ဥပဒေကို လေးစားလိုက်နာရမည်။
  • ဥပဒေရှေ့မှောက်တွင် လူတိုင်းတန်းတူရှိသည်။

ဆိုသည့်အချက်များကို မည်သူကမျှ မငြင်းပယ်ကြချေ။

Leave a Reply

Your email address will not be published. Required fields are marked *