တစ်နေ့ကို အမျှင်ဓါတ် ဘယ်လောက်စားသုံးသင့်လဲ။

အမျှင်ဓာတ်များက အပင်တွေမှ ရရှိတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး ကျန်းမာစွာ အသက်ရှင်နေထိုင်ဖို့ရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာများကို နေ့စဉ် မဖြစ်မနေ စားသုံးသင့်ပါတယ်။

တစ်နေ့ကို အမျှင်ဓာတ်ဘယ်လောက် များများ စားသုံးသင့်သလဲ။

အသက် ၅၀ နှင့် ၅၀ အောက်ငယ်သော အမျိုးသမီးများအနေနဲ့ တစ်နေ့ကို အမျှင်ဓာတ် ၂၅ ဂရမ် လိုအပ်ပါတယ်။ အသက် ၅၀ နှင့် ၅၀ အောက်ငယ်သော အမျိုးသားတွေကတော့ တစ်နေ့ကို ၃၈ ဂရမ် လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်များကတော့ တစ်နေ့ကို ၂၈ ဂရမ် စားသုံးပေးသင့်ပါတယ်။ အသက် ၅၀ နှင့်အထက် အမျိုးသမီးများကတော့ အမျှင်ဓာတ် ၂၈ ဂရမ် လိုအပ်ပြီး ၅၀ နှင့်အထက် အမျိုးသားများကတော့ ၃၀ ဂရမ်ခန့် လိုအပ်ပါတယ်။

သင့် ခန္ဓာကိုယ်က အမျှင်ဓာတ်ကို ဘာ့ကြောင့်လိုအပ်တာလဲ

တကယ်တော့ အမျှင်ဓာတ်က ချေဖျက်လို့ရတဲ့ အစားအစာတွေထဲမှာ မပါဝင်ပါဘူး။ ကြေညက်သွားပြီး စုပ်ယူခံလိုက်ရမယ့်အစား သူ့အတိုင်းမပြိုမကွဲဘဲတည်ရှိနေပြီး ခန္ဓာကိုယ်ထဲ ဝင်ပြီး ပြန်ထွက်သွားတဲ့ အရာတစ်မျိုးပဲဖြစ်ပါတယ်။ သို့ပေမယ့် အစာချေစနစ်ကောင်းမွန်အောင် လုပ်ဆောင်ပေးတဲ့ အဓိကသော့ချက်ကတော့ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေပဲဖြစ်ပါတယ်။

ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းမှ ကင်းဝေးဖို့ရန်အတွက် အမျှင်ဓာတ်က ကာကွယ်ပေးပြီး အူမကြီးကင်ဆာ မခံစားရအောင်လည်း ကာကွယ်ပေးပါသေးတယ်။ ကိုယ်အလေးချိန် ညီညွှတ်မျှတနေအောင် ကူညီပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်းနဲ့ ခန္ဓာကိုယ်ထဲက LDL လို့ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စတောကိုလည်း လျော့ချပေးနိုင်ပါသေးတယ်။

အမျှင်ဓာတ် ဘယ်နှမျိုးရှိသလဲ။

ရေထဲမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်နဲ့ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ဆိုပြီး နှစ်မျိုးနှစ်စားခွဲခြားထားပါတယ်။ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်က ရေထဲတွင်ပျော်ဝင်သွားပြီးနောက် ဂျယ်လီပုံသဏ္ဍာန်ဖြစ်သွားကာ ကိုလက်စတောနဲ့ သွေးတွင်းသကြားဓာတ်များကို လျော့ချပေးပါတယ်။ ရေတွင်မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များက နဂိုမူလပုံစံအတိုင်းတည်ရှိကာ အစာချေလမ်းကြောင်းထဲသို့ ဖြတ်သန်းသွားပြီးနောက် ဝမ်းချုပ်ခြင်းမှ ကင်းဝေးအောင် ကူညီပေးပါတယ်။

အချို့ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများက ထိုအမျှင်ဓာတ်နှစ်မျိုးစလုံးပါဝင်ပြီး အချို့ဟင်းသီးဟင်းရွက်များကတော့ အမျှင်ဓာတ်တစ်မျိုးတည်းပဲ ပါဝင်ပါတယ်။ သင့် ခန္ဓာကိုယ်က ဘယ်အမျှင်ဓာတ်ကိုပဲ ရရှိနေပါစေ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတာကြောင့် မိမိအသက်အရွယ်အပိုင်းအခြားပေါ် မူတည်ပြီး တစ်နေ့တာအတွက် လိုအပ်တဲ့ အမျှင်ဓာတ်များကို စားသုံးပေးသင့်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *