ခြေထောက်သွေးကြောထုံးခြင်း (Varicose Veins)

အချို့လူတွေရဲ့ ခြေထောက်မှာ သွေးကြောစိမ်းပြာတွေ ဖောင်းနေတာမျိုး တွေ့ဖူးကြမှာပါ။

– ဒီလို သွေးကြောထုံးတာတွေက တစ်ကိုယ်လုံးမှာ ဖြစ်နိုင်ပေမယ့် မတ်တပ်ရပ်၊ လမ်းလျှောက်ချိန်တွေမှာ ဖိအားများများခံရတဲ့ ခြေထောက်မှာတော့ အဖြစ်များဆုံးပါပဲ။

📌 သွေးကြောတွေ ဘာလို့ ထုံးရလဲ ?

– နှလုံးကနေ သွေးလွှတ်ကြော(Artery)တွေမှတစ်ဆင့် တစ်ကိုယ်လုံးဆီကို သွေးပို့ပေးပြီး တစ်ကိုယ်လုံးရဲ့ သွေးဟောင်းတွေကိုတော့ သွေးပြန်ကြော(Vein)တွေကနေ နှလုံးဆီသို့ ပြန်သယ်ပေးပါတယ်။

– ခြေထောက်ကနေ နှလုံးဆီကိုတော့ ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်ပြီး ပို့ရတဲ့အတွက် သွေးတွေ နောက်ပြန်မစီးဖို့ သွေးပြန်ကြောတွေထဲမှာ အဆို့ရှင်လေးတွေ ပါပါတယ်။

– ဒီအဆို့ရှင်တွေ ချို့ယွင်းတဲ့အခါ၊ သွေးကြောရဲ့ ကျုံ့နိုင်/ဆန့်နိုင်စွမ်း ညှစ်အားတွေ လျော့လာတဲ့အခါတွေမှာ သွေးတွေက အောက်ပြန်စီးလာပြီး သွေးကြောထဲမှာ ဖောင်းလာတာကို သွေးပြန်ကြောထုံးတယ်လို့ ခေါ်ပါတယ်။

– အရွယ်အစားအားဖြင့် ဆံချည်မျှင် (Spider veins) တွေကနေ သွေးကြောထုံးအကြီးတွေ (Severe varicose veins) အထိ ဖြစ်နိုင်ပါတယ်။

📌 ဘယ်လိုလူမျိုးတွေမှာ အဖြစ်များလဲ ?

– အသက်ကြီးခြင်း၊

– ကိုယ်ဝန်ဆောင်နေခြင်း၊

– အဝလွန်ခြင်း၊

– မျိုးရိုးလိုက်ခြင်း၊

– အချိန်ကြာမြင့်စွာ ထိုင်ခြင်း/မတ်တပ်ရပ်ခြင်း၊

– လေးလံသောပစ္စည်းများကို မ ရခြင်း၊

– သွေးကြောတည်ဆောက်မှုမူမမှန်ခြင်းတွေဟာ အဖြစ်များစေတဲ့ အကြောင်းရင်းတွေပါပဲ။

– ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်ရင် အများအားဖြင့် ဆေးကုစရာမလိုဘဲ ကလေးမွေးအပြီး ၃လ မှ ၁နှစ်အတွင်း အလိုလို ပြန်ပျောက်သွားတတ်ပါတယ်။

⚠️ ရောဂါလက္ခဏာများက

– သွေးကြောထုံးက အများအားဖြင့် နာကျင်ခြင်း မရှိတတ်ပါ။

– အချို့လူနာတွေမှာတော့ ခြေထောက်ရောင်ခြင်း၊ တဆစ်ဆစ် နာကျင်ခြင်း နှင့် ကြွက်တက်ခြင်းတွေ ဖြစ်ပါတယ်။

– အချိန်ကြာကြာ ထိုင်မိရင်/မတ်တပ်ရပ်မိရင် ပိုဆိုးပါမယ်။

🔺 နောက်ဆက်တွဲ ဆိုးကျိုးများအနေနဲ့

– ခြေမျက်စိတစ်ဝိုက်တွင် အနာဖြစ်ခြင်း၊

– ယားယံခြင်း၊

– သွေးကြောအတွင်း သွေးခဲခြင်း၊

– အရေပြားပေါက်ပြီး သွေးထွက်ခြင်းများ ရှိလာပါတယ်။

✅ သွေးကြောထုံးရှိသူများ လိုက်နာရန်

– ထိုင်တဲ့အခါ၊ အိပ်တဲ့အခါ ခြေထောက်ပိုင်းကို နည်းနည်းမြှင့်ထားပါ။

– ကြွက်သားညှစ်အားကို ကူညီပေးမယ့် Compression stocking ခြေအိတ်ဝတ်ပါ။

– ကိုယ်အလေးချိန် ထိန်းသိမ်းပါ။

– ကိုယ်လက်လှုပ်ရှား၊ လေ့ကျင့်ခန်းများ ပုံမှန်လုပ်ပါ။

– ခြေထောက်ကို မကြာခဏ အကွေးအဆန့် လုပ်ပေးပါ။

🚫 တင်းကြပ်တဲ့ အဝတ်အစားများ မဝတ်သင့်ပါ။

– ခြေထောက်ချိတ် မထိုင်သင့်ပါ။

– အချိန်ကြာကြာ မတ်တပ်ရပ်ခြင်း၊ ထိုင်ခြင်းများ မပြုလုပ်သင့်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *