ဒေသကြက်မွေးမြူနည်း

ဒေသကြက်မွေးမြူရေးလုပ်ငန်းကို ကျေးလက်ဒေသ အိမ်တိုင်း အလွယ်တကူ လုပ်နိုင်သောလုပ်ငန်းဖြစ်ပြီး ၀င်ငွေတစ်ခုရရှိသော အသေးစားစီးပွားရေးလုပ်ငန်း ဖြစ်ပါသည်။

ဦးစွာ ကျေးလက်အစဉ်အလာအတိုင်း ၃ – ၄ ကောင် ဖြင့် စတင်၍ မွေးမြူပါ၊ ၃ -၄ ကောင် မှတဆင့် ကြက်ကောင်ရေများလာစေရန် အဓိကဆောင်ရွက်ရမည့် အရေး ကြီးသော အချက် ၂ ချက်ရှိသည်။

(၁) ကြက်ငယ်လေးများအရွယ် (ရက်သား မှ ၄၅ ရက်သား) တွင် သေနှုန်း နည်းကာ ကောင်ရေများများကျန်အောင် လုပ်ဆောင်ရသည်။ သို့မှသာ ကြက်ကြီးကောင်ရေများလာမည်။

(၂) ကြက်ကြီးကောင်ရေ နည်းမသွားအောင် နေမကောင်း၊ အစာ မစားလျှင် ချက်ချင်း ဆေးတိုက်ခြင်း နှင့်ကာကွယ်ဆေးအချိန်မှန်သုံးခြင်း ကို ဂရုတစိုက် လုပ်ဆောင်ရသည်။

ဥကြက်မကောင်ရေ (၁၀) ခန့်ရှိလာပါက နေ့စဉ် ကြက်ဥ ၇ လုံးခန့်ရလာမည်။

နေ့စဉ် ရောင်းရပါက ကြက်ဥ ရောင်းရငွေ (၇ x ၅၅၀ ကျပ် = ၃၈၅၀ ကျပ်) နှုန်းဖြင့် တစ်လ၀င်ငွေ ကျပ်တစ်သိန်းကျော်ရရှိမည်ဖြစ်ပါသည်။ ဥကြက်မကောင်ရေ တိုး လာသည်နှင့် အမျှ ၀င်ငွေလည်းတိုးလာမည်။

ကြက်ဥစျေးကွက် မကောင်းပါက အကောင်ဖေါက်ကာ ၆၀ ကျပ် သားအထက်ဆိုလျှင် အရှင်အသားစျေး ပျမ်းမျှ ၂၀၀၀၀ – ၃၀၀၀၀ ကျပ် / ပိသာ နှုန်းဖြင့်ရောင်းကာ ၀င်ငွေရရှိမည်။

ဒေသကြက်ကောင်ရေများလာအောင် အဓိက အချက် (၆) ချက်ကို ပြောင်းလဲရမည်။

(၁) အကုန်အကျနည်းသော ကြက်တဲငယ်ဆောက်ရမည်။ ဒေသကြက်များကို စီးပွားဖြစ်စနစ်တကျမွေးမြူလိုပါက ကြက်တဲ ငယ်ကို မဖြစ်မနေ ဆောက်လုပ်ပေးရန် လိုအပ်သည်။ ကြက်များကိုတဲငယ်နှင့်ထားခြင်းဖြင့် ညဘက်တွင် ရာသီဥတု နှင့် သားရဲ တိရစ္ဆာန်တို့၏ ဘေးအန္တရာယ်များကို ကာကွယ်ပေးပြီး ကာကွယ်ဆေးထိုးနှံ ရန်/မျက်စဉ်းခတ်ရန်အတွက် ဖမ်းဆီးရန် လွယ်ကူသည်။ ကြက်ဥများအလေအလွင့်မရှိ စသည့်အကျိုးများကိုရရှိသည်။

(၂) အစာစိမ်းကိုနေ့စဉ်ပုံမှန်ကျွေးရမည်။ တောရွာများတွင်ဒေသကြက်များကိုနေ့စဉ် ဆန်၊ ဆန်ကွဲ၊ စပါး၊ ထမင်း ကြမ်း စသည်များ ကိုသာ ကျွေးလေ့ရှိပါသည်။ တစ်ခါတစ်ရံ ပြောင်းဖူးကျွေးပါသည်။ကစီဓါတ် ပါသောအစာများသာ ဖြစ်နေသဖြင့် ကြီးထွားနှုန်း၊ ဥနှုန်း များနည်းကာ ညံ့ဖျင်းနေသည်။ လွှတ်ကျောင်းစနစ်ဖြင့် အစာစိမ်းများ ရှာဖွေစားသောက်နိုင်သည် ဆိုသော်လည်း နေ့စဉ် (တစ်နေ့လည်းမဟုတ်၊ တစ်လလည်းမဟုတ်၊တစ် နှစ်လည်းမဟုတ်) ဆိုပါက အစာစိမ်းများကို လုံလောက်အောင်မရရှိ တော့ပေ။ လုံလောက်သော အာဟာရ ဓါတ်ကိုလည်း မရရှိတော့ပါ။ ထို့ကြောင့် ဒေသကြက် နှင့်ကြက်ဥများမှာအရွယ်အစားသေးငယ်ကာ ကြက်ဥ ဥခွံပျော့ကိုလည်း တွေ့ရလေ့ရှိသည်။ အစာစိမ်းကူကျွေးခြင်းဖြင့် ပုံမှန်အစာကုန်ကျစရိတ်သက်သာ သည်။ ကြီးထွားနှုန်း၊ ထုတ်လုပ်မှုနှုန်းများ တိုးတက်လာသည်။ ကိုယ်ခံစွမ်းရည်မြင့်တက်လာသဖြင့် ရောဂါများအလွူယ်တကူ မဖြစ်တော့ပါ။ ကျွေးနိုင်သော အစာစိမ်းအမျိုးမျိုမှာ၊ ကန်စွန်းနွယ်၊ ဂေါ်ဖီရွက်၊ ဆလတ်ရွက်၊ လယ်ကန် စွန်း၊ ခရမ်းချဉ်သီး၊ ပဲမျိုးနွယ်အပင် မျိုးမျိုး၊ ပန်းဂေါ်ဖီ၊ ဘောစကိုင်းအရွက်၊ သင်္ဘော ပင်အရွက်၊ မြက်အမျိုးမျိုး၊ ငှက်ပျောရွက်၊ ငှက်ပျောအူနု၊ ပိန်းရွက်၊ ပိန်းရိုး၊ ရေမှော်၊ ဗေဒါ၊ အေဇို လာရေ ကျောက်ခက်နှင့်အခြားအစိမ်းရောင်သီးနှံ ဟင်းသီး ဟင်းရွက် တို့ဖြစ်သည်။

(၃) ကာကွယ်ဆေးအချိန်မှန်ထိုးပြီး နေမကောင်းမှိုင်နေသည်ကို တွေ့ပါ က ချက်ချင်းဆေးတိုက် ရမည်။ ယခင်အခါက ကြက်များနေမကောင်းပါက တောရွာများတွင်အများ စုမှာ ချက်စားလေ့ ရှိပါသည်။ ယခုအခါတွင် နေပြန်ကောင်းလာစေရန် ဆေးတိုက် (ပဋိဇီဝဆေး) ရမည်။ အိမ်တွင်လိုအပ်သောဆေး ကဒ်များကို၀ယ်ကာ ဆောင်ထားရ မည်။ အလေး ချိန် ၅၀ ကျပ်သားအထက်ရှိသော ကြက်တစ်ကောင်သေ လျှင် မိမိငွေထဲက ငွေ ၁၅၀၀၀ ကျပ် ထွက်သွားသည်ဟု မှတ်ယူရမည်။ ဆေးတစ်ကဒ်၏ တန်ဘိုးမှာ ၁၅၀၀ ကျပ်ခန့် သာ ရှိလေသည်။ ဒေသကြက်များကို အများဆုံးသေစေသည့် ရောဂါနှစ်မျိုးရှိ သည်။ ကြက်ဝမ်းကျရောဂါနှင့် ကြက်လည်လိမ်ရောဂါ ဖြစ်သည်။ ကျန်ရောဂါ များမှာ အဖြစ်နည်းပါသည်။ ကြက်လည်လိမ်ရောဂါကို ကာကွယ်ရန် လည်လိမ်မျက်စဉ်း ကာ ကွယ်ဆေး မျက်စဉ်းခတ် ပေးရမည်။ ကြက်ငယ် ၁၀ ရက်သားတွင် မျက်စဉ်းစခတ်နိုင်သည်။ ၂ ပတ်ကြာ လျှင် ဒုတိယအကြိမ် မျက်စဉ်း ခတ်သည်။ နောက်ပိုင်း ၃ လ တစ်ကြိမ် ခတ်ပေးသည်။ ကြက်ဝမ်းကျရောဂါကို တောင်ပံခြစ်ကာ ကွယ်ဆေးဖြင့် ကာကွယ်နိုင်တယ်။ ညနေစောင်းတွင် ကြက်များပုံမှန်စားသောက်ကာ အိပ်တန်းတက် သွားသော်လည်း မနက် မိုးလင်းလျှင် ကြက်အချို့မှာ အိပ်တန်းအောက် သို့ ပြုတ်ကျ ကာ သေနေသည်ကို တွေ့ရသည်။ကြက်သေသည်ကို စတွေ့သည်နှင့်တစ်ပြိုင်နက် ကျန် ကြက်အားလုံးကို ချက်ချင်း ပဋိဇီဝဆေးတိုက်မည်။ အချိန်ရွှေ့ဆိုင်းကာ တစ်ရက်နောက်ကျဆေးတိုက်လျှင်ပင် မမီ တော့ပဲ ကြက်သေဆုံး လေ့ရှိပါသည်။(အသုံးပြုသော ပဋိဇီဝဆေးမှာ ၂ မျိုးရှိပါသည်။ စက်ပ်ထရင် ဆေးကဒ် (Septrin Card) နှင့် နော်ဖလော့စင် ဆေးကဒ် (Norfloxin Card) ဖြစ်သည်။ ဆေးတိုက်နည်း မှာ ဆေးတစ်ပြားကို ၆ စိတ် စိတ်ကာ ဆေးကို အမှုန့်မကြိတ်ပဲ အခဲအတိုင်း ဆေး၀င်အောင် တိုက်ရမည်။ ဆေးကိုတစ်ရက်လျှင် ၂ ကြိမ် (မနက်နှင့်ညနေ) အနည်းဆုံး ၃ ရက်၊ လိုအပ်ပါက ၅ ရက်ဆက်တိုက်သည်။ အမှုန့်ကြိတ်တိုက်ပါက ဆေးမှုန့် နည်းနည်းလေးမှာ ကြက်ပါးစပ်တွင် ကပ်နေကာ လွှတ်လိုက် သည်နှင့် ကပ်နေသော ဆေးမှုန့်များကို ပါးစပ်ခါထုတ်သဖြင့် ဗိုက်ထဲဆေးမရောက် တော့ပေ။ ဆေးတိုက်သော်လည်း ကြက်သေတာပဲဟု ရွာသားများပြော ခြင်းမှာ ထိုအချက် ကြောင့်ဖြစ်ပါသည်။ ဆေးကဒ်များကို မြို့ရှိဆေးဆိုင် များတွင်အလွယ်တကူ ၀ယ်ယူရရှိပါသည်။ ကြက်ဆေးတိုက်ခြင်းမှာ လည်းမခက်ခဲပဲ တစ်ယောက်တည်းနှင့်လုပ်နိုင်ပေသည်)

(၄) ကြက်ဥကောက်သောစနစ်ကို ပြောင်းရမည်။ တောရွာများတွင် ကြက်များဥလာပါက ကြက်ဥများကိုနေ့စဉ် မကောက်ပဲ ဥကျင်းထဲတွင် သာ ဒီအတိုင်းထားလေ့ရှိသည်။ ထိုအခါကြက်မမှာကြက်ဥ ၁၀ လုံး ၀န်းကျင် ရှိလျှင် ၀ပ်စိတ်ပေါက် ကာ ၀ပ်ပါတော့သည်။ ၀ပ်သောကြက်ဥများအားလုံး မပေါက်ပဲ ၈၀% ခန့်သာ ပေါက် သဖြင့် ကြက်ပေါက်ငယ် ကောင်ရေအနည်းငယ်ကိုသာ ရရှိလေ့ရှိပါ သည်။ ဥလာသောကြက် ဥများကို ဥကျင်းထဲတွင် ၁ လုံးသာချန်ထားကာ နေ့စဉ်ဥသောဥများကို မှန်မှန် ကောက်ထားပြီး ကောက်ထားသောဥများ ကို ခဲတံဖြင့်နေ့စွဲ မှတ်ထားရပါမည်။ ထိုအခါ ၄င်း ကြက်မသည် ဥ ၂၀ – ၃၀ ခန့် ဥပြီးမှသာ၀ပ်စိတ် ပေါက်ကာ ၀ပ်ပါသည်။ ကောက်ထားသောကြက်ဥများအားလုံးကို ကြက်မက မ၀ပ်နိုင်ပေ။ ထိုအခါ အစော ပိုင်းကောက်ထားသောဥများ (မှတ်ထားသောနေ့စွဲ ကိုကြည့်) ကိုစားပြစ်ကာ နောက်ပိုင်းဥသောဥ ၁၅ လုံးခန့်ကို ၀ပ်ခိုင်းပါ သည်။ မဒန်းကြက်မ၀ပ်ပါက ဥ ၁၃ – ၁၅ လုံးကို ၀ပ်နိုင်၍ ကြက်မကြီးဖြစ် ပါကဥ ၁၆ – ၁၈ လုံး ခန့်ကို၀ပ်နိုင်ပါသည်။ တောရွာဓလေ့မှာမူ ဥ ၁၀ လုံးခန့်ကိုသာ ၀ပ်ခိုင်းလေ့ရှိသဖြင့် ကောင်ရေ အနည်းငယ် သာပေါက်သောကြောင့် အချိန်များ ကုန်ဆုံးကာ အလဟသဖြစ်ပါသည်။ ဤအချက်ဖြင့် ကြက်ငယ်ကောင်ရေ များများပေါက်လာအောင်လုပ် ပါသည်။

(၅) ကြက်ကောင်ရေများလာစေရန် ကြက်ပေါက်ငယ်သေနှုန်း လုံး၀မရှိ သောစနစ်ကို မဖြစ် မနေ လုပ်ဆောင်ပေးရမည်။ ကျေးရွာများတွင် ကြက်ငယ်လေးများပေါက်လာပါက အမေကြက်မ ကြီးနှင့်အတူ လွှတ် ကျောင်းလိုက်ပါသည်။ ကြက်ငယ် ၁၀ ကောင်ခန့်ပေါက် သောကြက်မကြီးကို မနက်လွှတ် လိုက်ပါက ညနေပြန် လာလျှင် ကြက် ငယ် ၈ ကောင်ခန့်သာပြန် ပါလာ ပါတော့သည်။ ဒုတိယရက်တွင်ထပ်လွှတ်လိုက်ပါက ညနေတွင် ကြက်ငယ် ၇ ကောင်၊ ၆ ကောင်ခန့်သာ ပြန်ပါလာပါသည်။ ဤသို့ဖြင့် ဥပေါက်ပြီး ၂၁ ရက် ကြာလျှင် တစ်ခါတစ်ရံ ကြက်မ ကြီးတွင်ကြက်ငယ်တစ် ကောင်မျှ မကျန်တော့ပါ။ သုတေသန တွေ့ရှိချက်အရ ဥပေါက်ပြီး ၂၁ ရက် အတွင်း ကြက် ပေါက်ငယ်များ သေဆုံး နှုန်းမှာ ၈၅ % ရှိပါသည်။ ထို့ကြောင့်

(က) ကြက်ငယ်အသက် ၀ – ၁ ပတ်သား၊ ကြက်ငယ်လေးများကို ကြက်မကြီးနှင့် အနည်းဆုံး ၄ – ၇ ရက်အ ထိ ကြက်အုပ်ဆောင်းအတွင်း အတူထားရမည်။ ကြက်ငယ်လေးများအတွက် အသားဓါတ်များသောအစာနှင့် သန့် ရှင်းသောရေကို အလွယ်တကူရရှိ အောင်လုပ်ပေးရမည်။ ကြက်အုပ်ဆောင်းအောက်တွင် စက္ကူ (သို့) ဖျာဟောင်း (သို့) အခင်းတစ်ခုခုခင်းကာ ၄င်းပေါ်တွင် အစာဖြူးကာ ကြက်ငယ်လေးများကို အစာကျွေးမည်။ ကြက်အုပ်ဆောင်း နှင့် အောက်ခံအခင်းကို နေ့စဉ်သန့်ရှင်းရေး လုပ်ပေးရမည်။

(ခ) ကြက်ငယ်အသက် ၂ – ၃ ပတ်သားတွင် ကြက်ငယ်လေးများကို အုပ်ဆောင်းနှင့် နေ့ရောညပါ ထားမည်။ ကြက်မကြီးကို နေ့ပိုင်းတွင် အစာရှာဖွေစားသောက်နိုင်ရန် အုပ် ဆောင်းအပြင်ဖက်တွင်ထားမည်။ ကြက်မကြီး အုပ်ဆောင်းအတွင်းပြန်၀င်လိုပါက ထည့်ပေးမည်။ ညဖက်တွင် ကြက်မကြီးကို ကြက်ငယ်လေးများနှင့် အုပ်ဆောင်း အတွင်းအတူထားမည်။

(ဂ) ကြက်ငယ်အသက် ၄ – ၆ ပတ်သား၊ ကြက်ငယ်လေးများကို ကြက်မကြီးနှင့် ညဖက်တွင် အုပ်ဆောင်း အတွင်းအတူထားမည်။ နေ့ဖက်တွင် ကြက်ငယ်လေးများကို ကြက်မကြီးနှင့် အစာရှာစား ရန် အတူလွှတ်ပေးမည်။ အစပိုင်းတွင် မနက်ဖက်၌ အချိန်အနည်းငယ်သာ စလွှတ်ပေးရ မည်။ နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် လွှတ်ကျောင်းသော အချိန်တိုး သွားပေးမည်။

(ဃ) ကြက်ငယ်အသက် ၆ ပတ်သားအထက်၊ အုပ်ဆောင်းကို အသုံးပြုရန်မလိုတော့ပါ။ ကြက်ငယ်များကို ကြက်မကြီးနှင့် အမြဲ အစာယက်ရှာဖွေစား သောက်နိုင်ရန် လွှတ်ကျောင်းထားသည်။ ညနေပိုင်း ကြက်များပြန်လာချိန်တွင် ဖြည့်စွက်ကြက်စာ လိုအပ် လျှင် ကျွေးပေးသည်။

(၆) ကြက်ငယ်လေးများအား သားခွဲခြင်း ။ ဒေသကြက်ငယ်များသည် အသက် ၁ လခွဲ (၄၅ ရက်သား) အရွယ် ရောက်လျှင် အမွှေးအတောင်စုံကာ မိခင်ကြက်မကြီး ၏ ရင်ငွေ့ အပူချိန်ကိုမလိုတော့ပေ။ ထိုအရွယ်တွင် သားခွဲနိုင်သည်။ ရာသီဥတုအေးသောဆောင်းနှင့်မိုးရာသီတွင် ၂ လ သားခန့်တွင် သားခွဲသည်။ ကြက်မကြီးမှာ သားခွဲပြီးမှသာ ကြက်ဥပြန်ဥလေ့ရှိသည်။ ကြက်မများသည် ကြက်ငယ်များနှင့် အတူတွဲကာ နေ့စဉ်လွှတ် ကျောင်း နေပါက ၃ လ သားခန့်အထိသားမခွဲပဲ နေသည်။ စနစ်သစ်တွင် ကြက်ငယ်များ ၄၅ ရက်သားကျော် ပါက ကြက်မ ကြီးကို ကြက်အုပ် ဆောင်းဖြင့်အုပ်ထားကာ ၄ – ၅ ရက်ခန့် သီးခြားခွဲ ထိန်းသိမ်းထားသည်။ စောစောသားခွဲစေပြီး မကြာမီမှာပင် ဥများပြန်ဥပေးသည့် အကျိုး ကိုရရှိသည်။

ဤအချက်များကို ကျင့်သုံးခြင်းဖြင့် ကြက်ဥများများရအောင် လုပ်နိုင်ခြင်းဖြင့် တပ်မတော်သား မိသားစုဝင်အားလုံး ဝင်ငွေတိုးကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *