၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ပါဝင် ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အဖွဲ့များသည် အောက်တိုဘာလ ၁၆ ရက်မှစတင်၍ တည်းခိုနေထိုင်ကြမည့် နေပြည်တော်တည်းခိုရေးစခန်းသို့ ရောက်ရှိကြရာ ယနေ့တွင် ပြိုင်ပွဲဝင်အဖွဲ့များ အားလုံး ရောက်ရှိကြပြီဖြစ်သည်။
“ကျွန်တော်တို့ ပဲခူးတိုင်းဒေသ ကြီးကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့အနေနဲ့ စုစုပေါင်းဦးရေ ၂၂၀ ဝင်ရောက် ယှဉ်ပြိုင်သွားမှာပါ။ ပြိုင်ပွဲဝင်မယ့် ကလေးတွေရဲ့ လေ့ကျင့်ရေး၊ ကျန်းမာရေးနဲ့လိုအပ်တာတွေ အားလုံးကို အခက်အခဲမရှိအောင် ပံ့ပိုးကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကတော့ တစ်နိုင်ငံလုံးအနေနဲ့ အဆင့် ၅ ရခဲ့တယ်။ ဒီနှစ်မှာတော့ ဆုတံဆိပ်တွေပိုမိုရရှိအောင်နဲ့အဆင့်ကို အရင်နှစ် ထက်ပိုတက်အောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ လာရောက်ယှဉ်ပြိုင် ရခြင်းဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ကလေးတွေအနေနဲ့ အထူးကြိုးစားထားကြတဲ့အတွက် ကျေနပ်အားရမိပါတယ်။ ပဲခူးတိုင်းဒေသကြီးက ဇာတ်တော် ကြီးပြိုင်ပွဲနဲ့ ရုပ်စုံသဘင်အဖွဲ့လိုက် ပြိုင်ပွဲမှာလည်း အင်ပြည့်အားပြည့်နဲ့ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့ အတွက် လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု တိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်တင့်က ပြောသည်။
ထိုသို့ ရောက်ရှိလာကြသည့် ပြိုင်ပွဲဝင်အဖွဲ့များကို တာဝန်ရှိသူများက နွေးထွေးပျူငှာစွာကြိုဆိုနှုတ်ဆက်ကြပြီး သတ်မှတ်ထားသည့် တည်းခိုဆောင်များအလိုက် နေရာချထားပေးကာ နေထိုင်စားသောက်ရေးအဆင်ပြေစေရေးအတွက် ပြင်ဆင်ဆောင်ရွက်ပေးကြ သည်။
“အဆိုပြိုင်ပွဲ ကာလပေါ်ဘာသာရပ်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ (၁၈)ကြိမ်မြောက် ပြိုင်ပွဲကတည်းကစပြီး ယှဉ်ပြိုင်ခဲ့တာပါ။ ဒီနှစ်နဲ့ဆိုရင် ၉ နှစ်မြောက်ရှိပါပြီ။ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရတဲ့ အခါမှာ အတွေ့အကြုံတွေအများကြီးရသလို အနုပညာ ညီအစ်ကိုမောင်နှမတွေနဲ့တွေ့ဆုံခွင့် ရတယ်။ အခြားတိုင်းဒေသကြီးနဲ့ပြည်နယ်က ဘယ်လိုတွေကြိုးစားလာတယ်။ တစ်နှစ်ထက်တစ်နှစ်မတူတဲ့ အတွေ့အကြုံတွေအများကြီးရတဲ့အပြင် ရခဲ့တဲ့ အတွေ့အကြုံတွေကနေပြီးတော့ ကိုယ်ရှုံးနိမ့်ခဲ့တဲ့ အရာတွေ၊ ဆုမရခဲ့တဲ့အရာတွေကို သင်ခန်းစာယူပြီးတော့ မနှစ်ကတော့ သမီး ရွှေတံဆိပ်ဆုရရှိခဲ့ပါတယ်။ ဒီနှစ်မှာလည်း မနှစ်ကထက်ဆုတွေ ပိုမိုရရှိအောင်ကြိုးစားသွားမှာဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင် မစုမြတ်နိုး က ပြောသည်။
ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန မှ ပြိုင်ပွဲဝင်အဖွဲ့များ ကျန်းမာရေးချို့ယွင်းမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ကုသပေးနိုင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းကိုလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြိုင်ပွဲဝင်အဖွဲ့များ စာပေဗဟုသုတများတိုးပွားစေရန်အတွက် သုတ၊ ရသစာအုပ်၊ စာစောင်များစုံလင်စွာဖြင့် စာကြည့်တိုက် ကိုလည်းကောင်း ဖွင့်လှစ်ပေးထား သည်။
အဆိုပါပြိုင်ပွဲကို အောက်တို ဘာလ ၂၁ ရက်မှ ၂၉ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ပြီး ကချင်ပြည်နယ်မှ ၁၁၃ ဦး၊ ကယားပြည်နယ်မှ ၉၃ ဦး၊ ကရင်ပြည်နယ်မှ ၁၃၅ ဦး၊ ချင်းပြည် နယ်မှ ၄၉ ဦး၊ စစ်ကိုင်းတိုင်းဒေသ ကြီးမှ ၂၀၀၊ တနင်္သာရီတိုင်းဒေသ ကြီးမှ ၁၂၂ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂၂၀၊ မကွေးတိုင်းဒေသကြီးမှ ၁၃၇ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၃၅၈ ဦး၊ မွန်ပြည်နယ်မှ ၂၁၆ ဦး၊ ရခိုင်ပြည်နယ် မှ ၁၀၆ ဦး၊ ရန်ကုန်တိုင်းဒေသကြီး မှ ၂၈၂ ဦး၊ ရှမ်းပြည်နယ်မှ ၁၂၀၊ ဧရာဝတီတိုင်းဒေသကြီးမှ ၁၈၉ ဦးတို့က ပြိုင်ပွဲအမျိုးအစားအဆင့် အလိုက် ပါဝင်ယှဉ်ပြိုင် သွားကြမည် ဖြစ်ကြောင်း သိရသည်။
