မြန်မာ-ထိုင်း-ရုရှားသုံးနိုင်ငံပူးပေါင်း၍ ထားဝယ်ဒေသကိုအခြေပြု၍ စွမ်းအင်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကိစ္စအပါအဝင် အခြားကိစ္စရပ်များ မြန်မာ-ထိုင်း ဆွေးနွေး

မြန်မာ-ထိုင်း-ရုရှားသုံးနိုင်ငံပူးပေါင်း၍ ထားဝယ်ဒေသကိုအခြေပြု၍ စွမ်းအင်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကိစ္စအပါအဝင် အခြားကိစ္စရပ်များ မြန်မာ-ထိုင်း ဆွေးနွေးကြောင်း သိရသည်။

အောက်တိုဘာ ၁၉ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. Akanat Promphan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံ့သာခန်းမ၌ တွေ့ဆုံစဉ် ထိုသို့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များအား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးသွားမည့်ကိစ္စ၊ ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် အထွက်နှုန်းတိုးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်သွားမည့်ကိစ္စ၊ စီမံကိန်းအသစ်များတွင် ထပ်မံ၍ရင်းနှီးမြှုပ်နှံသွားလိုသည့်ကိစ္စ၊ ထိုင်းနိုင်ငံသို့သွယ်တန်းထားသည့် ပိုက်လိုင်းများ စွမ်းဆောင်ရည်အပြည့်အဝအသုံးချနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စ၊ မြန်မာ-ထိုင်း-ရုရှားသုံးနိုင်ငံပူးပေါင်း၍ ထားဝယ်ဒေသကိုအခြေပြု၍ စွမ်းအင်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကိစ္စ၊ သံလွင်မြစ်ဝှမ်းနှင့် တနင်္သာရီမြစ်ဝှမ်းများရှိ ရေအား လျှပ်စစ်စီမံကိန်းများတွင် ထိုင်းနိုင်ငံမှကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်သွားလိုသည့်ကိစ္စ၊ နိုင်ငံဖြတ် ကျော်ဓာတ်အားလိုင်းစီမံကိန်းများအပါအဝင် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေးကိစ္စများတွင် ထိုင်းနိုင်ငံမှ ကုမ္ပဏီများပါဝင်၍ ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုသည့်ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး၊ ထိုင်းနိုင်ငံရှိ PTT၊ PTTEP ကုမ္ပဏီနှင့် လျှပ်စစ်ဓာတ် အားထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့ (EGAT)တို့မှ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ဆက်လက်၍ ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် လိုက်ပါလျက် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုရာ တာဝန်ရှိသူများက ဘုရားကြီးထုဆစ်ကိုးကွယ် ခဲ့မှုလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *