မြန်မာ့ပေါ်ဆန်းစပါး၏ အမွှေးရနံ့နှင့် မြေဆီလွှာ၊ အပင်အာဟာရ စီမံခန့်ခွဲမှု

ပေါ်ဆန်းမွှေးသည် သင်းပျံ့သောအနံ့၊ ကောင်းမွန် သောအရသာနှင့် ချက်ပြုတ်ပြီးချိန်တွင် ဆန်စေ့ရှည်ထွက်လာခြင်းစသည့် ထူးခြားသောအရည်အသွေးများကြောင့် ပြည်တွင်း၌  လူကြိုက်များပြီး ဈေးနှုန်းမြင့်မားစွာရရှိသည့် စပါးမျိုးဖြစ်သည်။ နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရာတွင် “မြန်မာ့ပုလဲဆန်” ဟုလည်း ခေါ်ဝေါ်ကြသည်။ 

ပေါ်ဆန်းစပါးမျိုးသည် အလင်း ရောင်တုန့်ပြန်မှုရှိသော ရာသီစပါးမျိုးဖြစ်ပြီး မူရင်း ပေါ်ဆန်းစပါးသုံးမျိုးမှာ ပေါ်ဆန်းရင်၊ ပေါ်ဆန်းဘေးကြားနှင့် ပေါ်ဆန်းမွှေးတို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိကထား၍ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြပြီး ပဲခူး တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်၊ ယခုအခါ နေပြည်တော် ဒေသတို့တွင်လည်း စိုက်ပျိုးလာကြပြီဖြစ်သည်။ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီတွင်  ပေါ်ဆန်းစပါးကို  ဧက အားဖြင့် ၁ ဒသမ ၃ သန်းကျော် စိုက် ပျိုးခဲ့ပြီး နိုင်ငံ၏ စုစုပေါင်း မိုးစပါး စိုက်ဧရိယာ၏ ၉ ရာခိုင်နှုန်းကျော်ခန့် ရှိကြောင်း သိရသည်။

အပင်အာဟာရဓာတ်များ၏ အရေးပါမှု

သီးနှံအပင်များ ကျန်းမာစွာကြီးထွားရန်၊ ရောဂါနှင့် ပတ်ဝန်းကျင်ဖိစီးမှုဒဏ်ခံနိုင်ရည်ရှိရန်၊  အထွက်နှုန်းနှင့် အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များရရှိရန်အတွက် အပင်အာဟာရဓာတ်များသည် မရှိမဖြစ်လိုအပ်သည်။ 

အပင်များအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဒြပ်စင် ၁၇ မျိုးအနက် ကာဗွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်တို့ကို အဓိကအားဖြင့် လေနှင့် ရေမှ ရရှိပြီး ကျန်အာဟာရဓာတ် များကိုမြေဆီလွှာမှ ရရှိသည်။ ပေါ်ဆန်းစပါး၏ အထွက်နှုန်းသာမက အရည်အသွေးနှင့် အမွှေးရနံ့ ကောင်းမွန်စေရန် အတွက်လည်း အာဟာရဓာတ်များကို မျှတစွာ ရရှိစေရေး ဆောင်ရွက်ပေးရန် လိုအပ်သည်။

မြေဆီလွှာအမျိုးအစားနှင့် အမွှေးရနံ့ထွက်ရှိမှု

ပုံမှန်အားဖြင့် စိုက်ပျိုးမြေဆီလွှာတွင် ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိနှင့် ဇီဝဂုဏ်သတ္တိများပါရှိပြီး  မြေဆီ လွှာထဲတွင် ဘေဘုယျအားဖြင့် အဓိက ပါဝင်ပစ္စည်း ၄ မျိုးဖြင့် ဖွဲ့စည်းထားရာ သတ္တုဓာတ် အမှုန်အမွှားများ ၄၅ ရာခိုင်နှုန်း ၊ ရေ ၂၅ ရာခိုင်နှုန်း၊ လေ ၂၅ ရာခိုင်နှုန်းနှင့် အခြား‌ အော်ဂဲနစ် ဒြပ်ပစ္စည်းများ ၅ ရာခိုင်နှုန်းခန့်  ပါဝင်ပါသည်။ 

ပေါ်ဆန်းစပါး၏အနံ့နှင့် အရည် အသွေးကို မြှင့်တင်ရာတွင် မြေဆီလွှာ အမျိုးအစားကိုလည်း ထည့်သွင်းစဉ်းစားရန် လိုသည်။ ရေထိန်းနိုင်စွမ်းကောင်းပြီး အာဟာရဓာတ်များ လုံလောက်စွာ ထိန်းသိမ်းပေးနိုင်သည့် မြေဩဇာကြွယ်ဝသော နုံးတင်မြေနု၊ နုံးဆန်သောမြေ/မြေစေးသမ ၊ နုန်းရွှံ့မြေ နှင့် သဲနုံးမြေများသည် သင့် တော်သော်လည်း အီတလီနိုင်ငံ၊ Pavia ၏သုတေသနအရ သဲပါဝင်မှုမြင့်မားပြီး ရွှံ့စေးပါဝင်မှုနည်းသော မြေများတွင် အနံ့မွှေးဒြပ်ပေါင်း 2-acetyl-1-pyrroline (2AP) ပါဝင်မှု ပိုမိုမြင့်မားနိုင်ကြောင်း တွေ့ရှိရသည်။ ထိုင်းစပယ်ရနံ့စပါး၌လည်း နုန်းဆန်သဲမြေတွင် အနံ့ပိုမိုမွှေးကြိုင် ပြီး အသင့်အတင့်မွှေးကာ ရွှံ့စေး မြေများတွင် အနံ့နည်းပါးကြောင်း တွေ့ရှိထားသည်။ မိုးကောင်းသောက် ဒေသများတွင် ရွှံ့စေးပါဝင်မှု မြင့် မားသောမြေထက် သဲပါဝင်မှုမြင့်မား သော မြေဆီလွှာ၌ စိုက်ပျိုးပါက အနံ့ဒြပ်ပေါင်း 2AP ပမာဏ ပိုမို မြင့်မားစွာ တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် “အနံ့မွှေးစပါးအတွက် မြေစေးသမမြေသည် အမြဲတမ်းအကောင်းဆုံး” ဟု တစ်ချက်တည်း သတ်မှတ်၍ မရဘဲ စပါးမျိုး၊ ရာသီ ဥတု၊ ရေ၊ မြေဆီလွှာနှင့် စိုက်ပျိုးစီမံခန့်ခွဲမှု တို့ကို ပေါင်းစပ်စဉ်းစားရန် လိုအပ်သည်။

မြေဆီလွှာ ချဉ်/ငန်ကိန်း (pH) 

မြေဆီလွှာ၏ ချဉ်/ငန်ကိန်းသည်လည်း အပင်အာဟာရဓာတ်များ ရရှိနိုင်မှုနှင့် စပါးပင်၏ကြီးထွားဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိသည်။ လေ့လာ ချက်များအရ မြန်မာ့ပေါ်ဆန်း မွှေးစပါးတွင် pH ၅ ဒသမ ၂ မှ ၅ ဒသမ ၉ အတွင်း စိုက်ပျိုးပါက pH ၆ ဒသမ ၅ တွင် စိုက်ပျိုးခြင်း ထက် အနံ့ပိုမိုမွှေးကြောင်း ဖော်ပြထားသည်။ သို့သော် pH တန်ဖိုးတစ်ခုတည်းကို အခြေခံ၍ မြေဆီလွှာစီမံခန့်ခွဲခြင်း မပြုသင့်ပါ။ မြေ၏ အာဟာရဓာတ်အခြေအနေ၊ အော်ဂဲနစ်ပစ္စည်းပါဝင်မှု၊ ရေထိန်းနိုင်စွမ်းနှင့် စပါးမျိုး၏ လိုအပ်ချက်တို့ကိုပါ မြေဆီလွှာစစ် ဆေးမှုနှင့်အတူ ထည့်သွင်း စဉ်းစား ရန် လိုအပ်သည်။

အနံ့မွှေးမှုအတွက်မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်အခြေအနေ

ပေါ်ဆန်းစပါးကဲ့သို့ အနံ့မွှေးစပါးများတွင် အနံ့ရရှိမှုသည် စပါးမျိုး၏ မျိုးရိုးဗီဇအချက် အလက်များသာမက မြေဆီလွှာအမျိုးအစား၊ သက်မဲ့ပတ်ဝန်းကျင်ဆိုင်ရာဖိစီးမှုတွင် အပူချိန်၊ စိုထိုင်းဆ၊ နေရောင်ခြည်၊ ရေရရှိမှုအခြေအနေများ (ရေငတ်ဒဏ်ခံနိုင်ခြင်း)၊ ဆားငန်ဒဏ် ခံနိုင် ခြင်း၊ အပင်ပြုစုမှု နည်းစနစ်များ၊ ရိတ်သိမ်းချိန်၊ ပန်းပွင့်ချိန်၊ ရိတ်သိမ်းချိန်လွန်နည်းပညာများဖြစ်သည့် အခြောက်ခံခြင်း၊ ကြိတ်ခွဲခြင်း၊ ထုပ် ပိုးခြင်း၊ သိုလှောင်သည့် အခြေအနေများ စသည်တို့ အပေါ်၌ လည်း များစွာမူတည်သည်။ 

အနံ့မွှေးမှုကို အဓိကဆုံးဖြတ်ပေးသည့် ဒြပ်ပေါင်းမှာ 2AP ဖြစ်သဖြင့် အနံ့မွှေးစပါးများ၏ အရည်အသွေးကို မြှင့်တင်လိုပါက 2AP ဖြစ်ပေါ်မှုကို အထောက်အကူ ပြုနိုင်သည့် မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်အခြေအ နေများကို နားလည်ပြီး စိုက်ပျိုးရေးနည်းစနစ်များကို စနစ်တကျ စီမံရန် လိုအပ်သည်။ စပါးပင်အတွင်း အနံ့မွှေးစေသည့် 2AP ဖြစ်ပေါ်မှုသည် သီးခြားနိုက်ထရိုဂျင် ဒြပ်ပေါင်းများပါဝင်သော ဇီဝဖြစ်စဉ်များမှတစ်ဆင့် အဓိကဖြစ်ပေါ်ခြင်းဖြစ်သည်။

အပူချိန်နှင့် အမွှေးရနံ့

အနံ့မွှေးစပါးများ၏ အမွှေးရနံ့သည် စိုက်ပျိုးသည့်ဒေသ၏ အပူ ချိန်၊ စိုထိုင်းဆ၊ နေရောင် ခြည်နှင့် ရေရရှိမှုတို့အပေါ်မူတည်သည်။ မြန်မာ့ပေါ်ဆန်းမွှေးစပါးတွင် နေ့အပူ ချိန် ၃၀ မှ ၃၅ ဒီဂရီ စင်တီဂရိတ်၊ ညအပူချိန် ၂၂ မှ ၂၅ ဒီဂရီစင်တီဂရိတ်နှင့် နေ့နှင့်ညအပူချိန်ကွာခြားချက် ၁၀ မှ ၁၅ ဒီဂရီစင်တီဂရိတ်ခန့်ရှိပါက 2AP ပါဝင်မှု ပိုမိုမြင့်မားပြီး အနံ့ပိုမွှေးပါသည်။ 

ရွှေဘိုဒေသမှထွက်ရှိသည့် ပေါ်ဆန်းစပါး၏ စိုက်ပျိုးချိန် အပင်သက် တမ်း (၄ လမှ ၅ လ) တစ်လျှောက်လုံးတွင် အပူချိန် ၂၀ – ၃၅ ဒီဂရီစင်တီဂရိတ် အတွင်းရှိရန် လိုအပ်သည်။ ထို့ကြောင့် ရွှေဘိုဒေသရှိ တောင်သူများသည် များသောအားဖြင့် ဇူလိုင် (၁၅-၂၀) ရက်နေ့အတွင်း ပျိုးထောင်ပြီး ပျိုးသက် ၂၅ မှ ၃၀ ရက်သားခန့်တွင် ပြောင်းရွှေ့စိုက်ပျိုးခြင်းဖြင့် ပန်းပွင့်ချိန်တွင် အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်အောက် မကျစေရန် ရည် ရွယ်ပြီး စပါး၏ အမွှေးနံ့သာမက အထွက်နှုန်းပါ တိုးတက်စေရန်အတွက် စိုက်ပျိုးလေ့ရှိကြသည်။ ထိုသို့ စိုက် ပျိုးချိန်ကို စနစ်တကျရွေးချယ်ခြင်း သည်အနံ့အရည်အသွေးနှင့် အထွက် နှုန်း နှစ်မျိုးစလုံးအတွက် အရေးပါသည်။

အရည်အသွေးမြင့် ပေါ်ဆန်းဆန်အတွက် ရေရှည်စီမံခန့်ခွဲမှု

မြန်မာ့ပေါ်ဆန်းစပါးသည် ပြည် တွင်းစားသုံးသူများ၏ နှစ်သက်မှုကို ရရှိထားသည့် အရည်အသွေးမြင့် ဒေသစပါးမျိုးတစ်ခုသာမက နိုင်ငံတကာစျေးကွက်တွင် မြန်မာနိုင်ငံ၏ ဆန် အရည်အသွေးကို ကိုယ်စားပြုနိုင်သည့် အရေးပါသော စပါးမျိုးတစ်မျိုးလည်း ဖြစ်သည်။ ထို့ကြောင့် အထွက် နှုန်းကိုသာ ဦးစားပေးခြင်းထက် အမွှေးရနံ့၊ အရသာ၊ ဆန်စေ့အရည် အသွေး နှင့် သိုလှောင်နိုင်မှုတို့ကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

ထို့အပြင် မြေဆီလွှာ၏ ကျန်းမာ ရေးကို ရေရှည်ထိန်းသိမ်းနိုင်ရန် သီးနှံ အလှည့်ကျ စိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာနှင့် မြေဆွေးများ ပြုလုပ်အသုံးပြုခြင်း၊ သီးနှံအကြွင်းအကျန်များကို စနစ်တကျ ပြန်လည်အသုံးချခြင်းနှင့် ရေကို ထိရောက်စွာ စီမံအသုံးပြုခြင်းတို့ကိုလည်း တောင်သူများအနေဖြင့် လိုက်နာကျင့်သုံးသင့်သည်။ 

မြန်မာ့ပေါ်ဆန်းစပါး၏ တန်ဖိုးသည် ၎င်း၏ထူးခြားသော အမွှေးရနံ့၊ အရသာနှင့် ဆန် အရည်အသွေးတို့တွင် တည်ရှိနေသဖြင့် ၎င်းတို့ကိုထိန်းသိမ်းမြှင့်တင်နိုင်ရန် မျိုးဗီဇ၊ မြေဆီလွှာ၊ အပူချိန်၊ ရေ၊ အပင်အာဟာရ၊ စိုက်ပျိုးချိန်နှင့် စိုက်ပျိုးပြုစုမှုနည်းစနစ်များကို ပေါင်းစပ်စီမံရန် လိုအပ်သည်။ ပေါ်ဆန်းစပါးစိုက်ပျိုးသူ တောင်သူများအနေဖြင့် “မြေဩဇာများများ ထည့်လျှင် အထွက် များမည်” ဆိုသည့် အယူအဆထက် “မြေကိုသိ၊ အပင်လိုအပ်ချက်ကိုသိ၊ လိုအပ် သလောက်သာ ထည့်သုံး” ဆိုသည့် စနစ်တကျ အာဟာရဓာတ်
စီမံခန့်ခွဲမှုကို ကျင့်သုံးသင့်သည်။

နိုက်ထရိုဂျင်မြေဩဇာကို လွန်ကဲစွာ မသုံးသင့်

အမွှေးနံ့ပါသောစပါးများတွင် အဓိကအနံ့ဓာတ်ပေါင်းဖြစ်သည့် 2AP ဖြစ်ပေါ်မှုသည် အပင် အတွင်းရှိ အာဟာရဓာတ်များ၊ ဇီဝဖြစ်စဉ်များနှင့် ဆက်စပ်နေသည့်အတွက် အာဟာ ရဓာတ်များ နှင့် ရှေ့ပြေးဓာတ်ပေါင်းများကို အပင်၏လိုအပ်ချက်နှင့်အညီ စီမံပေးရန် လိုအပ်သည်။ 

အထူးသဖြင့် နိုက်ထရိုဂျင်မြေဩဇာကိုလွန်ကဲစွာအသုံးပြုခြင်းသည်စပါး၏ အရည်အသွေး နှင့် အမွှေးရနံ့အပေါ် မျှော်မှန်းထားသည့် ရလဒ်ကို မရရှိနိုင်သည့် အခြေအနေများ ဖြစ်ပေါ်နိုင် သည်။ ထို့ကြောင့် ပေါ်ဆန်းစပါးစိုက်ပျိုးရာတွင် ပုလဲဓာတ်မြေဩဇာအပါအဝင် နိုက်ထရိုဂျင် ပါဝင်သည့် ဓာတ်မြေဩဇာများကို မိမိမြေ၏ အာဟာရအခြေအနေ၊ စပါးမျိုးနှင့် အထွက် ရည်မှန်းချက်တို့အပေါ် အခြေခံ၍ သင့်တော်သောနှုန်းထားဖြင့်သာ အသုံးပြုသင့်သည်။

ဘက်စုံအာဟာရဓာတ်စီမံခန့်ခွဲမှု လိုအပ်

မြန်မာ့ပေါ်ဆန်းစပါးစိုက်ပျိုးရာတွင် အထွက်တိုးစေရန် ရည်ရွယ် ၍ ဓာတုမြေဩဇာများကိုသာ လွန် ကဲစွာ အားထားအသုံးပြုခြင်း၊ သဘာ ဝမြေဩဇာအသုံးပြုမှု နည်းပါးခြင်းနှင့် အနည်းလိုအာဟာရဓာတ်များကို လျစ်လျူရှုခြင်းတို့သည် မြေဆီ လွှာ ကျန်းမာရေးနှင့် စပါးအရည် အသွေးအတွက် အဟန့်အတားများ ဖြစ်စေနိုင်သည်။

ထို့ကြောင့် ဘက်စုံအာဟာရဓာတ် စီမံခန့်ခွဲမှုစနစ်ကို ကျင့်သုံးရန် အရေး ကြီးသည်။ ဓာတုမြေဩဇာများကို လိုအပ်သည့်ပမာဏအတိုင်း အသုံး ပြုခြင်းနှင့်အတူ နွားချေး၊ သီးနှံ အကြွင်းအကျန်များမှ ပြုလုပ်ထားသော မြေဆွေး၊ တီကျစ်မြေဩဇာ စသည့် အော်ဂဲနစ် မြေဩဇာ များကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် မြေဆီ လွှာ၏ ရုပ်ပိုင်း၊ ဓာတုနှင့် ဇီဝဆိုင်ရာ ကျန်းမာရေး ကို ထိန်းသိမ်းနိုင်မည် ဖြစ်သည်။

မြေနမူနာစစ်ဆေးပြီးမှမြေဩဇာထည့်ပါ

ပေါ်ဆန်းစပါး၏ အရည်အသွေးကောင်းမွန်စေရန်နှင့် အမွှေးရနံ့ကောင်းမွန်စေရန် အရေးကြီးဆုံးမှာ မိမိစိုက်ပျိုးမည့်မြေ၏ အခြေအနေကို ဦးစွာသိရှိရန် ဖြစ်သည်။ ထို့ ကြောင့် စိုက်ပျိုးရာသီမတိုင်မီ မြေ  နမူနာယူ၍ ဓာတ်ခွဲခန်းတွင် မြေဆီ လွှာ၏ ချဉ်/ငန်ကိန်း (pH)၊ သစ်ဆွေးဓာတ်ပါဝင်မှု နှင့် အာဟာရဓာတ်များကို စစ်ဆေးသင့်သည်။

မြေစစ်ဆေးမှုရလဒ်အပေါ်အခြေခံ ၍ လိုအပ်သောအာဟာရဓာတ်ကိုသာ လိုအပ်သည့် ပမာဏ၊ သင့်တော်သည့်အချိန်နှင့် နည်းလမ်းမှန်အတိုင်း ထည့်သွင်းပေးခြင်းသည် မြေဩဇာ ကုန်ကျစရိတ်ကို လျှော့ချနိုင်သည့်အပြင် အပင်အာဟာရဓာတ် မျှတစွာရရှိစေပြီး စပါး အထွက်နှုန်းနှင့် မွှေးရနံ့အပါအဝင် အခြားအရည်အ သွေးများကိုလည်း တိုးတက်စေနိုင်သည်။

ကျန်းမာသော မြေဆီလွှာ၊ မျှတသော အပင်အာဟာရနှင့် သင့်တော်သော စိုက်ပျိုးပြုစုမှု တို့ဖြင့် မြန်မာ့ပေါ်ဆန်းစပါး၏ ထူးခြားသော အမွှေး ရနံ့နှင့် ဆန်အရည်အသွေးကို ထိန်း သိမ်း မြှင့်တင်နိုင်မည့်အပြင် တောင်သူ များ၏ ဝင်ငွေတိုးတက်လာစေရုံသာမက မြန်မာ့ပေါ်ဆန်းဆန်ကို ပြည်တွင်း ဈေးကွက်တွင်သာမက နိုင်ငံတကာဈေးကွက်တွင်ပါ အရည်အသွေးမြင့် မြန်မာ့ ထုတ်ကုန်တစ်ခုအဖြစ် ရေရှည်တည်တံ့စွာ ရပ်တည်နိုင်စေရန် များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။

ဒေါက်တာဝင်းသီတာဦး

(စိုက်/သု)

Leave a Reply

Your email address will not be published. Required fields are marked *