ပန်းအိုးထဲက ပန်းတွေ ကြာရှည်ခံစေဖို့

ပန်းအိုးထဲက ပန်းတွေ ကြာရှည်ခံစေဖို့ ဒီအချက်လေးတွေ လုပ်ပေးရပါမယ်နော်။

၁။ ကိုယ့်အိမ်ရောက်လာပြီဆိုရင် အရင်ဆုံးလုပ်သင့်တာက ရေစိမ်ရပါမယ်။ ပန်းရောင်းသူဆီမှာ ရေငတ်လာမယ့် ပန်းလေးတွေကို ရေပြန်စုပ်စေမယ့် ကိုင်းအခြေလေးဖြစ်အောင် တစ်လက်မခန့်တစောင်းလေးပြန်ဖြတ်ပြီးမှ ရေစိမ်ပါမယ်။ ဒါမှ ရေစုပ်အားပိုကောင်းပြီး စုပ်ယူနိုင်မယ့်မျက်နှာပြင် ဧရိယာပိုကျယ်ပါမယ်။

၂။ သကြားရည်စိမ်လို့လည်းရတယ်ရှင့်။ Carbohydrate supplement အနေနဲ့ သကြား ၃ ဂရမ် ရေတစ်လီထဲကို ထည့်ပေးလို့ရတယ်။ ပန်းအဖူးလေးတွေများနေတယ်။ ကိုယ်ကအပွင့်လိုချင်တယ်ဆိုရင် သကြားရည်လေး တစ်ညစိမ်လို့ရပါတယ်။ ပန်းလေးလဲပိုကြာရှည်ခံပါတယ်။

၃။ ကိုယ့်ပန်းထိုးမယ့်ဘုရားအိုး၊ အလှအိုးကို သေချာဆေးကြောပြီး သံပရာသီး မန်းကျည်းမှည့်နဲ့ အနံ့ဆိုးတွေမရှိအောင် ဆေးပါမယ်။ တတ်နိုင်ရင်တော့ ငွေအိုးသုံးရင် ပန်းလေးတွေပိုအထားခံတယ်ရှင့်။

၄။ ကိုယ့်ပန်းအိုးနဲ့ လိုက်ဖက်တဲ့အရှည်ညှပ်ပါ့မယ်။ တစ်ခါက ကျမ ကိုးကွယ်တဲ့ဘုန်းဘုန်း မိန့်ခဲ့ဖူးတာလေး သတိရမိပါတယ်။ ပန်းရဲ့အရှည်က ပန်းအိုးရဲ့ တဆခွဲထက်မပိုရဘူးတဲ့။

၅။ အရွက်လေးတွေချွေမယ် ပန်းအိုးထဲနှစ်မယ့် အပိုင်းကအရွက်အားလုံးကို ဖယ်ရမှာဖြစ်ပါတယ်။ ရေထဲနှစ်မယ့်အရွက်တွေက ပုပ်ကုန်မှာမို့ ဖယ်ခြင်း ဖြစ်ပါတယ်။

၆။ ပန်းလေးတွေကြာရှည်ခံအောင် ပန်းအိုးထဲ ထည့်မယ့်ရေထဲကို acidic solution ဖြစ်အောင် အချဉ်ရည်လေးတွေထည့်ပေးလို့ရပါတယ်။ citric acid ၃၀၀ မီလီဂရမ်၊ ကျောက်ချဉ် (alum) ၅၀၀ မီလီဂရမ်၊ သံပရာ၊ သံပယိုရှောက်သီး အရည် ၁၅ မီလီလီတာ၊ မီးဖိုချောင်မှာရှိတဲ့ ရှာလကာရည် ၁၅ မီလီလီတာ တစ်မျိုးမျိုးထည့်ပေးလို့ရပါတယ်။ ထည့်ရတဲ့ရည်ရွယ်ချက်က ရေရဲ့ pH ကို နှိမ့်ချဖို့ပါ။ pH 3-4 အတွင်းထားပေးရပါမယ်။ ဘာလို့ဆို pH နိမ့်ရင် microbe တွေမနေနိုင်ဘူး။ microbe တွေမရှိရင် ရေစုပ်ယူတဲ့ပင်စည်လေးကို မပိတ်ဆို့တော့ဘူး။

၇။ ပန်းတွေ ၂ ရက်တစ်ခါရေလဲရပါမယ်။ ပင်စည်လေးတွေပျော့နေမယ် ပုပ်နေမယ်ဆို ဒါဟာ microbe လေးတွေရှိနေလို့ပါ။ ဒီအပိုင်းလေးတွေကို ညှပ်ထုတ်ပစ်မယ် ရေသစ်လဲမယ်ဆိုရင် ပန်းလေးတွေရေစုပ်ယူနိုင်မှာပါ။ ဒီထက်ပိုစိတ်ချချင်တယ်ဆိုရင်တော့ germicide တစ်မျိုးဖြစ်တဲ့ Sodium hypoclorite ၁ မီလီလီတာ ထည့်ပေးလို့ရပါတယ်။ ဆိုင်တွေမှာတော့ အစွန်းချွတ်ဆေးလို့ပြောဝယ်ရင် ရပါတယ်။

စာဖတ်သူများအားလုံး လန်းလန်းဆန်းဆန်းပန်းလေးတွေနဲ့ စိတ်ပျိုကိုယ်နု ကြည်နူးကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *