ခံတွင်းကင်ဆာ (Oral Cancer) သည် မြန်မာနိုင်ငံ၌ အဖြစ်အများသော ကင်ဆာရောဂါတစ်ခု ဖြစ်သည်။ စောစောသိလျှင် ကုသပျောက်ကင်း နိုင်ခြေ အလွန်မြင့်မားသော်လည်း လူအများစုမှာ သတိမထားမိကြဘဲ ရောဂါရင့်မှသာ ဆေးရုံ ရောက်လာတတ်ကြပါသည်။
ခံတွင်းကင်ဆာဆိုတာ ဘာလဲ။
ခံတွင်းကင်ဆာဆိုသည်မှာ နှုတ်ခမ်း၊ လျှာ၊ သွားဖုံး၊ ပါးစောင်၊ အာခေါင် နှင့် လျှာအောက်ခြေတို့တွင် ဖြစ်ပွားတတ်သော ကင်ဆာရောဂါအမျိုးအစား ဖြစ်သည်။
သတိပြုရမည့် ရောဂါလက္ခဏာများ
ခံတွင်းထဲတွင် အောက်ပါလက္ခဏာများရှိနေပြီး ၂ ပတ်ထက်ကျော်လွန်ကာ မသက်သာဘဲ ဖြစ်နေပါက ဆရာဝန်နှင့် အမြန်ဆုံး ပြသသင့်သည်။
- အနာများ – ခံတွင်း သို့မဟုတ် နှုတ်ခမ်းတွင်အနာဖြစ်ပြီး ရက်သတ္တပတ် အတော်ကြာသည်အထိ မကျက် ခြင်း။
- အဖြူကွက် သို့မဟုတ် အနီကွက်များ – လျှာ၊ သွားဖုံး သို့မဟုတ် ပါးစောင်တွင် ပေါ်လာသော ထူထဲသည့် အဖြူကွက် (Leukoplakia) သို့မဟုတ် အနီကွက် (Erythroplakia) များ။
- အလုံးအကျိတ်များ – ခံတွင်း သို့မဟုတ် လည်ပင်းတွင် အလုံးအကျိတ်များ ထွက်လာခြင်း။
- ဝါးရန်၊ မျိုချရန် ခက်ခဲခြင်း – အစာစားသည့်အခါ၊ မျိုချသည့်အခါ သို့မဟုတ် လျှာနှင့် မေးရိုးကို လှုပ်ရှား သည့်အခါ နာကျင်ခက်ခဲခြင်း။

ရောဂါဖြစ်ပွားရခြင်း အဓိကအကြောင်းရင်းများ
မြန်မာနိုင်ငံတွင် ခံတွင်းကင်ဆာဖြစ်ပွားရခြင်းမှာ အောက်ပါ လူနေမှုစရိုက်၊ ဓလေ့ထုံးတမ်းများနှင့် တိုက်ရိုက်သက်ဆိုင် နေပါသည်။
- ကွမ်းယာစားခြင်း – ကွမ်းသီး၊ ထုံးနှင့် ဆေးရွက်ကြီးတို့ ပေါင်းစပ်မှုသည် ခံတွင်းဆဲလ်များကို ပျက်စီးစေ ပြီး ကင်ဆာဖြစ်စေပါသည်။
- ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲခြင်း – စီကရက်၊ ဆေးပေါ့လိပ် သောက်ခြင်းများ။
- အရက်သောက်ခြင်း – အရက်နှင့် ဆေးရွက်ကြီးကို တွဲဖက်သုံးစွဲပါက ကင်ဆာဖြစ်နိုင်ခြေ ပိုမိုမြင့်မားသွားစေသည်။
- HPV ဗိုင်းရပ်စ် ကူးစက်ခံရခြင်း – လိင်မှတစ်ဆင့် ကူးစက်တတ်သော Human Papillomavirus (အထူးသဖြင့် HPV-16) ကြောင့်လည်း ခံတွင်းကင်ဆာ ဖြစ်ပွားနိုင်သည်။
- ချွန်ထက်သောသွားများ – စိုက်ထားသောသွား သို့မဟုတ် သဘာဝသွားများ ချွန်ထက်နေပြီး ပါးစောင် သို့မဟုတ် လျှာကို အမြဲတစေ ထိခိုက်ပွတ်တိုက်နေခြင်း။
ခံတွင်းကင်ဆာကို မည်သို့ကာကွယ်မလဲ။
ခံတွင်းကင်ဆာသည် နေထိုင်မှုပုံစံကို ပြောင်းလဲခြင်းဖြင့် အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်သော ရောဂါဖြစ်သည်။
- ကွမ်း၊ ဆေးလိပ်နှင့် အရက်ကို ဖြတ်ပါ – ၎င်းသည် အထိရောက်ဆုံးသော ကာကွယ်နည်း ဖြစ်သည်။
- အာဟာရပြည့်ဝစွာ စားသုံးပါ – ဗီတာမင်နှင့် သတ္တုဓာတ် ကြွယ်ဝသော လတ်ဆတ်သည့် ဟင်းသီးဟင်း ရွက်နှင့် သစ်သီးဝလံများကို ပိုမိုစားသုံးပါ။
- ခံတွင်းသန့်ရှင်းရေး ဂရုစိုက်ပါ – တစ်နေ့ နှစ်ကြိမ် သွားတိုက်ပါ၊ သွားအချွန်များရှိပါက ဆရာဝန်နှင့် ပြသပါ။
- ပုံမှန်စစ်ဆေးမှု ခံယူပါ – အနည်းဆုံး ခြောက်လတစ်ကြိမ် သွားနှင့်ခံတွင်းဆရာဝန်နှင့် ပြသပြီး ခံတွင်း ကျန်းမာရေးကို စစ်ဆေးပါ။
ခံတွင်းကင်ဆာသည် “စောစောသိ၊ စောစောကု” ရန် အရေးကြီးပါသည်။ မိမိ၏ ခံတွင်းထဲတွင် ထူးခြားသော အနာ သို့မဟုတ် အကွက်များ တွေ့ရှိပါက ကျွမ်းကျင်သည့် ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေး ကုသမှုခံယူကြပါရန် တိုက်တွန်းအပ်ပါသည်။
“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်“
