သီပေါမြို့နယ်၊နမ့်ခမ်းကျေးရွာ၌အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်လျက်ရှိသူများအားလုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိ

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာပြီး ဒေသတွင်းပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိလူသားမျိုးနွယ်အားလုံး၏လူမှုစီးပွားဘဝများကိုထိခိုက်ပျက်စီးအောင်အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်း ကစားမှုကျူးလွန်သူများအားရှာဖွေဖော်ထုတ်တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက်ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူခြင်းများဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊သီပေါမြို့နယ်၊နမ့်ခမ်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ များနေထိုင်လျက်ရှိကြောင်းတာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရလုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့များ ကအဆိုပါနေရာသို့သွားရောက်၍ စုံစမ်းရှာဖွေဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာယနေ့နံနက် ၅နာရီ ၄၅မိနစ်ခန့်တွင်နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူတရုတ်နိုင်ငံသားအမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦး၊  မြန်မာနိုင်ငံသား အမျိုးသား ၁ ဦး၊အမျိုးသမီး ၃ ဦး၊စုစုပေါင်း ၁၃ ဦးတို့အား Type-81 သေနတ် ၁ လက်၊ကျည် ၆၀ တောင့်၊ကျည်အိမ် ၄ ခု၊ ဖုန်းမျိုးစုံ ၂၂ လုံး၊Laptop ၁ လုံး၊ Starlink ၄ စုံ၊ 12 V Battery ၁ လုံး၊Solar Battery ၂ လုံး၊Solar (620 W) ၆ ချပ်၊Solar (420 W) ၁ ချပ်၊အုတ်ကာသွပ်မိုး အလျား ၅၀ ပေ၊ အနံ ၃၀ ပေ အဆောက်အအုံ ၁ လုံး၊ သွပ်ကာသွပ်မိုးအလျား ၃၀ ပေ၊ အနံ ၂၀ပေ အဆောက်အအုံ ၂ လုံးနှင့်အခြားလုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့သည်။ 

အဆိုပါအွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့်ဖမ်းဆီးရမိသူများအားလိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါကတည်ဆဲဥပဒေများနှင့်အညီထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့်လုပ်ငန်းသုံးပစ္စည်းများအားလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက်အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *