၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ (၂၇)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘာသာရပ်ဆိုင်ရာအကဲဖြတ်ပညာရှင်များနှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အစည်း အဝေးသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မျိုးဆက်သစ်များထံသို့ လက်ဆင့်ကမ်းပေးခြင်းနှင့်အမျိုးသားယဉ် ကျေးမှုကိုပိုမိုဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အလွန်အရေးပါသည့်အစည်းအဝေးတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ရှေးဟောင်းယဉ်ကျေးမှုအစဉ် အလာများကို နှစ်ပေါင်းထောင်ချီထိန်းသိမ်းလာခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ အဆိုပါယဉ်ကျေးမှုအမွေအနှစ်များထဲတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးအနုပညာရပ်များသည် မြန်မာလူမျိုးတို့၏ စိတ်ဓာတ်၊ အတွေးအခေါ်၊ ယဉ်ကျေးမှုနှင့်လူနေမှုဘဝများကို ထင်ဟပ်ဖော်ပြနေသည့် အဖိုးတန်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များပင်ဖြစ်ကြောင်း။
ယနေ့ခေတ်တွင် နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုကူးလူးယှက်နွှယ် ဖလှယ်မှုများသည်အရှိန်အဟုန်မြင့်တက်လာသည် နှင့်အမျှ မိမိတို့၏ မူရင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြန်လည်ဖော်ထုတ်မြှင့်တင်ခြင်းတို့အပြင် မျိုးဆက်သစ်များ စိတ်ပါဝင်စားလာစေပြီး လက်ဆင့်ကမ်းလွှဲပြောင်းပေးအပ်နိုင်ရန်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကိုကျင်းပပေးခြင်းသည် အနိုင်အရှုံးကိုသာ ဦးတည်ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ မျိုးဆက်သစ်အနုပညာရှင်များ ဖော်ထုတ်ပေးနိုင်ရန်၊ ရိုးရာအနုပညာရပ်များရှင်သန်ဖွံ့ဖြိုးစေရန်၊ အမျိုးသားယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်များတိုးပွားစေရန်နှင့်နိုင်ငံတော်၏ အမျိုးသားရေးကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်ရန်စသည်တို့အတွက် အရေးပါသည့်အမျိုးသားအဆင့်ယဉ်ကျေးမှုပွဲတော်ကြီးတစ်ရပ်ဖြစ်ကြောင်း။
ယခုကျင်းပမည့် (၂၇)ကြိမ်မြောက်ပြိုင်ပွဲသည် ယခင်ကျင်းပခဲ့သည့် ပြိုင်ပွဲများ၏ ကောင်းမွန်သည့်အတွေ့အကြုံများကိုအခြေခံပြီး ပိုမိုစနစ်ကျနစွာဖြင့်အရည်အသွေးရှိရှိ ကျင်းပနိုင်ရေးကိုရည်မှန်းထားရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းတိကျစွာချမှတ်ဆောင်ရွက်ရန်၊ အကဲ ဖြတ်မှုများကို မျှတပွင့်လင်းပြီးပညာရှင်ဆန်စွာဆောင်ရွက်နိုင်ရန်နှင့်ပြိုင်ပွဲဝင်များ၏ အရည်အချင်းကို မှန်ကန်စွာသုံးသပ်အကဲဖြတ်နိုင်ရန် အထူးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထာဝစဉ်ရှင်သန်ဖွံ့ဖြိုးရေး၊ အနုပညာရပ်များဖွံ့ဖြိုးတိုးတက်ရေးနှင့်အမျိုးသားယဉ်ကျေးမှုကို နိုင်ငံတကာအလယ်တွင် ဂုဏ်ယူစွာဖော်ဆောင်နိုင်ရေးတို့အတွက် အစဉ်တစိုက်အားပေး မြှင့်တင်လျက်ရှိကြောင်း၊ ထို့ကြောင့် ယခုကျင်းပမည့်ပြိုင်ပွဲကိုလည်း အမျိုးသားစည်းလုံးညီညွတ်မှု၊ ယဉ်ကျေးမှုဂုဏ်သိက္ခာနှင့်မြန်မာ့အနုပညာအစဉ်အလာများကို ပိုမိုထင်ဟပ်ဖော်ဆောင်ပြီး အောင်မြင်သည့် ပြိုင်ပွဲတစ်ရပ်ဖြစ်လာစေရေးအတွက် အားလုံးကစိတ်ရင်းစေတနာအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းမှာကြားလိုကြောင်း။
(၂၇)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ကောင်းမွန်သည့် စီစဉ်ဆောင်ရွက်မှုများ၊ လိုအပ်သည့်ကြိုတင်ပြင်ဆင်ကြိုးပမ်းအားထုတ်မှုများနှင့်ကျင်းပဆောင်ရွက်နိုင်ရန်သာမက ဗဟိုအဆင့်ကျင်းပသည့် ယခုပြိုင်ပွဲကြီးသည် မြန်မာနိုင်ငံသားများ၏ အမျိုးသားယဉ်ကျေးမှုလက္ခဏာများကို ထင်ဟပ်ဖော်ပြနေသည့် ပြိုင်ပွဲတစ်ရပ်ဖြစ်စေရန်အတွက်လည်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် ရင်းနှီးပွင့်လင်းစွာဝိုင်းဝန်းဆွေးနွေးတင်ပြပေးကြရန် အလေးအနက် တိုက် တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြိုင်ပွဲကျင်းပသွားမည့် လုပ်ငန်းအစီအမံများနှင့်ဆုများပေးအပ် ချီးမြှင့်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအေးထွန်းက ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်းတာဝန်များဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့်ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက (၂၇) ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်သည်။
