- သွေးမတော် သားမစပ်
အနားကပ် သူသပ်လျှို
ခွန်းနှုတ်ချိုချို
မက်လုံးပေး စကားဆို
မုသားကို ရေလဲသုံး၊
အလှည့်တွင် ငွေရွှင်စွာပေါဖို့
ပြောလို့စည်းရုံး။
- အတွေးချော် ငွေကိုမက်
လောဘတက် အသိပြို
စုခဲ့ငွေပို
အလီနှင့် မြှောက်သလို
တစ်ခေါက်ကို သူပေးသုံး၊
မြားချိတ်တွင် ငါးစာဟပ်သည့်နှယ်
ငြိတွယ်မဆုံး။
- လချီသော် မထင်မှတ်
ဆက်သွယ်ဖြတ် အဝေးကို
ပြေးကြဖြစ်ထို
အရင်းရှုံး ငွေများယို
အကြွေးပို ငိုမဆုံး၊
ဝဲလည်စွာ မျက်ရည်ကျကာဖြင့်
သဲရေသွန် နောင်တလွန်ကာမှ
မဲဘယ်ခါ စုတော့ပါဘူးရယ်
အရူးကို ဝိုင်းမိမီးသို့နှယ်
ကြီးလိမ့်မိုက်လုံး။ ။
ကြေးမုံဖြိုးသန့်(ရွှေရတု)
