ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ “ဝ”  ပြည်သွေး စည်းညီညွတ်ရေးပါတီ(UWSP)မှဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့  နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတ ဦးညိုစော၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက် တို့တက်ရောက်ကြပြီး “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌနှင့်အတူ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်အိုက်ခမ်းနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ယခုနိုင်ငံတော်အစိုးရသစ်လက်ထက်တွင်  တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် သန္နိဋ္ဌာန်ချမှတ်ပြီး မဖြစ်မနေကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးကို ဖိတ်ခေါ် ဆွေးနွေးဆောင်ရွက်လျက်ရှိမှု၊ ထိုသို့ဖိတ်ခေါ်ဆွေးနွေးဆောင်ရွက်ချိန်တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ယခုကဲ့သို့ လာရောက်တွေ့ဆုံခဲ့ခြင်းသည် နိုင်ငံတော်၏အနာဂတ်အတွက် ကောင်းမွန်သည့်လုပ်ဆောင် ချက်ဖြစ်မှု၊ ၁၉၈၉ ခုနှစ်တွင် တပ်မတော်နှင့် “ဝ” အဖွဲ့တို့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ခဲ့မှုအခြေအနေ၊ နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် ကိုအခြေခံသည့် နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် ထာဝရငြိမ်းချမ်းရေး ရရှိရန်လိုအပ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ပုဒ်မ ၅၀(စ)နှင့်အညီ ဦးတည်လျှောက်လှမ်းကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ (UWSA) “ဝ”အဖွဲ့အနေဖြင့် နိုင်ငံတော်ကို မိဘကဲ့သို့သဘောထားမှုနှင့် မိဘဖြစ်သည့် နိုင်ငံတော်၏စောင့်ရှောက်မှုအောက်တွင် မိမိတို့သားသမီးများက မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်အောင်  ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းလုပ်ဆောင်ရန်  ခံယူချက်ထားဆောင်ရွက်နေမှု၊ “ဝ” ဒေသအတွင်း ပညာရေး ကဏ္ဍတိုးတက်ရေး ဆရာ၊ ဆရာမများနှင့်အခြေခံအဆောက်အဦများ ဖြည့်ဆည်းပေးခြင်း၊ ကျန်းမာရေးကဏ္ဍတိုးတက်ရေး ဆေးရုံများအဆင့်မြှင့်တင်ခြင်းနှင့် ကျန်းမာ ရေးဝန်ထမ်းများ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းနှင့် လမ်းပန်းဆက်သွယ်မှုကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာစေရေး ဆောက်လုပ်ရေးလုပ်ငန်း များအတွက် လိုအပ်သည်များကို နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့်အခြေအနေ၊ နိုင်ငံတော်အနေဖြင့် နိုင်ငံတစ်ဝန်း အွန်လိုင်းငွေကြေး  လိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အပြီးတိုင် ချုပ်ငြိမ်းပပျောက် စေရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့(UWS) “ဝ” အဖွဲ့အနေဖြင့်လည်း ဒေသအတွင်းအွန်လိုင်းလောင်းကစားမှုများ ပပျောက်စေရေးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ဖိဖိစီးစီးကြပ်မတ်နှိမ်နင်း ဆောင်ရွက် လျက်ရှိမှု၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်စေရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေနှင့် “ဝ” ဒေသဘက် စုံဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတက “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး နိုင်ငံတော်သမ္မတထံ “ဝ”ပြည်သွေး စည်းညီညွတ်ရေးပါတီ (UWSP)မှ ဒုတိယဥက္ကဋ္ဌက အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)မှ ဒုတိယဥက္ကဋ္ဌ တို့သည်  တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *