တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသအသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများကို ၎င်းတို့၏ မြို့နယ်၊ ကျေးရွာများအရောက် သွားရောက်၍ လူမျိုး၊ ဘာသာမရွေး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်၌ အခြေပြု၍ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော် ၃၀ ပါးတို့အား ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ ဓာတ်ပုံရိုက်ကူး၍ ရောဂါရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် သံဃာတော်များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်နေမှုများကို မြစ်ကြီးနားတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အလားတူ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အေးချမ်းသာယာပရိယတ္တိစာသင်တိုက်၌ အခြေပြု၍ အဆိုပါစာသင်တိုက်ရှိ သံဃာတော် ၇၅ ပါးတို့ကို အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ ကလေးရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် ရောဂါရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော သံဃာတော်များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အဆိုပါကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
