အမေရိကန်နှင့်နားလည်မှု စာချွန်လွှာတွင် အီရန်အပေါ်ပိတ်ဆို့မှုများကို ကင်းလွတ်ခွင့်ပေးခြင်းနှင့် ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပေးခြင်းတို့ပါဝင် 

အမေရိကန်နှင့်အီရန်တို့ကြား မကြာမီလက်မှတ်ရေးထိုးမည့် နားလည်မှုစာချွန်လွှာတွင် အီရန်နိုင်ငံ၏နျူကလီးယား လုပ်ငန်းများမှသည် ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပေးရေးအထိ   ပါဝင်ကြောင်းနှင့် အမေရိကန်က အီရန်နိုင်ငံ၏ရေနံအပေါ် ပိတ်ဆို့ထားမှုကို ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း အီရန်ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုနှစ်နိုင်ငံအကြား နောက်ဆုံးအတည်ပြုထားသည့် နားလည်မှုစာချွန်လွှာတွင် အီရန်အနေဖြင့်   ကုန်သွယ်သင်္ဘောများအားလုံးအတွက် ဟော်မုရေလက်ကြားကိုပြန်ဖွင့်ပေးရန်၊ အမေရိကန်ဘက်က အီရန်၏ ဆိပ်ကမ်းများအပေါ်ပိတ်ဆို့ထားမှုကိုပြန်ရုပ်သိမ်းရန်၊   ထိုသို့ပြန်ရုပ်သိမ်းမှုကို နားလည်မှုစာချွန်လွှာလက်မှတ်ထိုးပြီး ရက်ပေါင်း ၃၀ အတွင်းအပြီးလုပ်ဆောင်ရန်တို့ပါဝင်သည်။

အလားတူ နောက်ဆုံးသဘောတူညီချက်မရသေးမီအထိ အမေရိကန်က အီရန်အပေါ် ပိတ်ဆို့မှုအသစ်များမချမှတ်ရန်၊အီရန်အနေဖြင့် ရေနံရောင်းချပြီး အမြတ်ငွေရယူမှုကို အချိန်အတိုင်းအတာတစ်ခုအထိလုပ်ဆောင်ရန်၊ အမေရိကန်က ပြည်ပရှိထိန်းချုပ်ခံထားရသော အီရန်နိုင်ငံပိုင်ဒေါ်လာ ၂၅ ဘီလီယံကို အီရန်နိုင်ငံသို့ပြန်လည်လွှဲပြောင်းပေးရန်၊ အီရန်အနေဖြင့်လည်း နျူကလီးယား လက်နက်များကို ထုတ်လုပ်ခြင်း၊ ရယူခြင်းမပြုရန် စသည်တို့ပါဝင်သည်။ အဆိုပါနားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံတာဝန်ရှိသူများက အွန်လိုင်းမှတစ်ဆင့် လက်မှတ်ထိုးသွားမည်ဖြစ်ပြီးပါကစ္စတန်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။   

Leave a Reply

Your email address will not be published. Required fields are marked *