၁။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာ မိုဒီ၏ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံသို့ ပထမဆုံး တရားဝင်ခရီးစဉ်သွားရောက်ခဲ့သည်။
၂။ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌတို့ လိုက်ပါခဲ့ကြသည်။ ထို့ပြင် စိုက်ပျိုးရေး၊ ဆေးဝါး၊ စွမ်းအင်၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ ဆက်သွယ်ရေး၊ ကုန်သွယ်ရေးနှင့် သယ်ယူထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းအပါအဝင် ကဏ္ဍစုံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်း အဖွဲ့ဝင်များက မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လိုက်ပါခဲ့ကြသည်။
၃။ နိုင်ငံတော်သမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ်တို့သည် ၁-၆-၂၀၂၆ ရက် တွင် တွေ့ဆုံ၍ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များကို ပြန်လည်သုံးသပ်ခဲ့ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လမ်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတအား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ယင်းနေ့တွင်ပင် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံ သမ္မတ ရှရီမတီ ဒရောပါတီ မာမူနှင့် တွေ့ဆုံခဲ့သည်။ ယင်းမတိုင်မီ နိုင်ငံတော်သမ္မတအား အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အက်စ် ဂျိုင်ရှန်ကာနှင့် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ရှရီ အာဂျစ် ဒိုဗယ်တို့က သီးခြားစီလာရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြသည်။
၄။ နိုင်ငံတော်သမ္မတသည် ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီတော်၊ မဟာဗောဓိဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်းနှင့် သုဇာတာ ကျောင်းတော်သို့ ခရီးစဉ်အစဖြစ်သည့် ၃၀-၅-၂၀၂၆ ရက်တွင် သွားရောက်၍ ဖူးမြော်ကြည်ညိုခဲ့သည်။ နှစ်နိုင်ငံအကြား ကာလရှည်ကြာ တည်ရှိလျက်ရှိသည့် ကိုးကွယ်ယုံကြည်မှုနှင့် ဗုဒ္ဓဘာသာဆိုင်ရာ ဆက်နွှယ်မှုများအပြင် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုကို ဘာသာရေးအရ အထွတ်အမြတ်ထားရာနေရာများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များက ပိုမိုပေါ်လွင်ထင်ရှားစေခဲ့ပါသည်။
၅။ နိုင်ငံတော်သမ္မတသည် ၃၁-၅-၂၀၂၆ ရက်တွင် နယူးဒေလီမြို့၌ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) နှင့် အိန္ဒိယစက်မှုလက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (CII)တို့ ပူးပေါင်းစီစဉ်သည့် မြန်မာ-အိန္ဒိယ စီးပွားရေးဖိုရမ်သို့ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်ကြီးများသည် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးအခွင့်အလမ်းများကို ပိုမိုခိုင်မာစေရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် နွိုင်ဒါဒေသရှိ စွမ်းအင်နည်းပညာ သုတေသနမဟာမိတ် အဖွဲ့ (NETRA) အဆောက်အအုံသို့ သွားရောက်၍ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော စွမ်းအင်တီထွင်ထုတ်လုပ်မှု၊ စွမ်းအင်လေလွင့်မှုမရှိစေဘဲ ထိရောက်စွာအသုံးချမှု၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အား အချိုးကျပေါင်းစပ်အသုံးပြုမှုနှင့် လျှပ်စစ်ဓာတ်အားလိုင်းစနစ် ကြံ့ခိုင်မှုရှိစေရေးတို့အပါအဝင် အဆင့်မြင့်သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို လေ့လာကြည့်ရှုခဲ့သည်။
၆။ ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတနှင့် ဆွေးနွေးရာတွင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ “အိမ်နီးချင်းဦးစားပေးမူဝါဒ” ၊ “အရှေ့နှင့် ထိတွေ့ ဆက်ဆံရေးမူဝါဒ” နှင့် “ဒေသတွင်း ဘေးကင်းလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက် စေရေးတို့အတွက် အပြန်အလှန်အမှီသဟဲပြုလျက်ရှိသော ဘက်စုံလွှမ်းခြုံ သည့် မူဝါဒ” များ ဆုံစည်းရာနေရာတွင် တည်ရှိကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်ဆွေးနွေးရာတွင် ကုန်သွယ်ရေးနှင့် စီးပွားရေးအရ ဆက်ဆံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ နယ်စပ်ဒေသစီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးရေး အကူအညီများနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းလာစေရန် အရေးကြီးကြောင်း အလေးအနက်ပြောကြားခဲ့ကြသည်။ နှစ်ဖက်လုံးက ဆွေးနွေးလျက်ရှိသည့် နားလည်မှုစာချွန်လွှာများ၏ အခြေအနေကို မှတ်သားထား ရှိကြောင်းနှင့် အဆိုပါ နားလည်မှုစာချွန်လွှာများ အမြန်ဆုံးလက်မှတ် ရေးထိုးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
၇။ ဝန်ကြီးချုပ်က လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပါက ဒေသတွင်း၌ အပြန်အလှန် အကျိုးရှိစေမည့် စီးပွားရေးချိတ်ဆက်မှုများ နှင့် နှစ်နိုင်ငံစည်ပင်ထွန်းကားလာစေမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ ကုလားတန်မြစ်ကြောင်း ဘက်စုံ သုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံအဝေးပြေးလမ်းမကြီးတို့ကို အပြီးသတ်နိုင်ရေးအတွက် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေးသည် အရေးကြီးကြောင်း နှစ်ဖက်လုံးက တူညီသောသဘောထားရှိကြသည်။
၈။ ၂၀၂၆ ခုနှစ်မှစတင်၍ မြန်မာကျောင်းသားများအတွက် မဲခေါင်-ဂင်္ဂါ ICCR ပညာသင်ဆု များကို လက်ရှိပေးအပ်လျက်ရှိသော ပညာသင်ဆု (၃၆) ခုမှ ပညာသင်ဆု (၁၀၀) အထိ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က အသိပေးပြောကြားခဲ့သည်။
၉။ ရူပီး-ကျပ် ငွေပေးချေမှုစနစ် အပါအဝင် နှစ်နိုင်ငံကုန်သွယ်မှုကို ပိုမို လွယ်ကူချောမွေ့စေရန် နှင့် တိုးမြှင့်ဆောင်ရွက်သွားရန် နှစ်ဖက် သဘောတူညီခဲ့ကြပြီး အဆိုပါစနစ်အား ၂၀၂၄ ခုနှစ် မေလတွင် စတင် အသုံးပြုချိန်မှစ၍ ငွေလွှဲပြောင်းမှုပမာဏ တစိုက်မတ်မတ် တိုးတက်လာခဲ့ ခြင်းအပေါ် ကျေနပ်အားရကြောင်း ဖော်ပြခဲ့ကြသည်။ မိမိတို့နိုင်ငံ၏ သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိုက်ပျိုးရေးအခြေခံကုန်ထုတ်လုပ်မှု၊ ရေနံ၊ စွမ်းအင်၊ သတ္တုတွင်းကဏ္ဍများကဲ့သို့ အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် နယ်ပယ်များတွင် ပိုမိုနီးကပ်သော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို ထောက်ခံကြောင်း နှစ်ဖက်လုံးက ဖော်ပြခဲ့ကြသည်။
၁၀။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှု အပေါ် အိန္ဒိယနိုင်ငံအနေဖြင့် ထောက်ခံကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။ မိမိတို့၏ အချုပ်အခြာအာဏာပိုင် နယ်မြေကို တစ်ဖက်နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်နစ်နာစေမည့် မလျော်ကန်သောဆောင်ရွက်မှုများကို တားဆီးကာကွယ်သွားရန် အရေးကြီးကြောင်း နှစ်ဖက်လုံးက အလေးထားပြောကြားခဲ့ကြသည်။ မြန်မာနိုင်ငံ၏ နယ်မြေအား အိန္ဒိယနိုင်ငံ၏ လုံခြုံရေးကို ထိခိုက်စေရန် အသုံးပြုခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတက ထပ်လောင်း ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် ခိုင်မာပြီး ယုံကြည်စိတ်ချရသော မိတ်ဖက်နိုင်ငံတစ်ခုအဖြစ် နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန် ဆောင်ရွက် သွားရန် ကတိကဝတ်ဆက်လက်ထားရှိကြောင်း ဝန်ကြီးချုပ်က အတည်ပြုပြောကြားခဲ့သည်။
၁၁။ ဝန်ကြီးချုပ်က ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာ ဦးဆောင်သော ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကြောင်း ပြောကြား ခဲ့သည်။ ထို့အပြင် ဝန်ကြီးချုပ်က နှစ်နိုင်ငံအကြား အပြန်အလှန် လေးစား မှုနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကိုအခြေခံ၍ ကူညီပံ့ပိုးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။ အိန္ဒိယနိုင်ငံ၏ အပြုသဘောဆောင်သည့် ပံ့ပိုးကူညီ မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအပေါ် နိုင်ငံတော်သမ္မတက ကျေးဇူးတင်ရှိ ကြောင်း ပြောကြားခဲ့သည်။
၁၂။ နိုင်ငံတော်သမ္မတက ၂-၆-၂၀၂၆ ရက်နှင့် ၃-၆-၂၀၂၆ ရက်တို့တွင် မဟာရက်ရှ်ထရာ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံမည်ဖြစ်သကဲ့သို့ မွမ်ဘိုင်းမြို့ခရီးစဉ် အတွင်း စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုဆောင်ရွက်မည့် အစီအစဉ်သည် ရှိရင်းစွဲနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများနှင့် စီးပွားရေးအရ ချိတ်ဆက်ဆောင်ရွက်မှုတို့ကို ပိုမိုခိုင်မာစေမည်ဟု ယုံကြည်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
၁၃။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ တရားဝင်ခရီးစဉ်သည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ အကြား ရေရှည်တည်တံ့ခိုင်မြဲ၍ ချစ်ကြည် ရေးနှင့် နီးကပ်သော မိတ်ဖက်အဖြစ် ရပ်တည်မှုကို လည်းကောင်း၊ နှစ်နိုင်ငံ အပြန်အလှန် အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို အားကောင်းလာစေရန် ဘုံတူညီသော ကတိကဝတ်များထားရှိမှုကိုလည်း ကောင်း ထပ်လောင်းအတည်ပြုခဲ့ခြင်း ဖြစ်သည်။ အဆင့်တိုင်းတွင် နီးကပ် စွာ ဆက်လက်ထိတွေ့ဆောင်ရွက်သွားရန် နှစ်ဖက်လုံးက သဘောတူညီ ခဲ့ကြသည်။
၁၄။ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတနှင့် မြန်မာကိုယ်စားလှယ် အဖွဲ့အား နွေးထွေးပျူငှာစွာ ဧည့်ဝတ်ကျေပွန်သည့်အပေါ် ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီအား အထူးပင် ကျေးဇူးတင် ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတက အိန္ဒိယနိုင်ငံဝန်ကြီးချုပ်အား နှစ်ဖက်အဆင်ပြေမည့်ကာလတွင် မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့သည်။
