ယူအေအီးနိုင်ငံတွင် ဟိုတယ်အလုပ်အကိုင်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သားအချို့ အလုပ်ဖြုတ်ခံရခြင်းများ ကြုံတွေ့နေကြောင်း အဆိုပါနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သားအချို့က ပြောကြားသည်။
အမေရိကန်/ အစ္စရေးနှင့် အီရန်တို့ ဖြစ်ပွားလျက်ရှိသည့် စစ်ပွဲအတွင်း ယူအေအီးနိုင်ငံကိုလည်း အီရန်က ဒရုန်းများဖြင့် တိုက်ခိုက်ပြီးနောက်ပိုင်းတွင် လာရောက်လည်ပတ်သည့် ခရီးသွားများ လျော့ကျလာခြင်း အစရှိသည်တို့ကြောင့် ဟိုတယ်အချို့မှ လူလျှော့ခြင်းများကို ပြုလုပ်နေခြင်းဖြစ်သည်။
” အထူးသဖြင့် ဟိုတယ်ကြီးတွေမှာတော့ Terminate လုပ်ကြတာများတယ်။ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးတွေဆို အခန်းပေါင်း ထောင်ကျော်ရှိတယ်။ ဝန်ထမ်းတွေလဲများတယ်။ ခုလိုအခြေနေမျိုးမှာ terminate လုပ်ရင် department တခုချင်းစီ operation ပေါ်မူတည်ပြီး ရာကျော်ဖြုတ်လိုက်တာတွေရှိတယ်။ အလုပ်ဖြုတ်ခံရတဲ့ထဲမှာ မြန်မာတွေလည်းပါတယ်။ တခြားနိုင်ငံက လုပ်သားတွေလည်းပါတယ်။ အခုညီမတို့ ဟိုတယ်မှာတော့ မရှိသေးဘူးပေါ့နော်။ ဒါပေမဲ့ အရင်ကလဆိုရင် End Pay one Week ယူရတယ်။ End Pay one Week ယူပြီးတော့ အိမ်မှာပဲနေခိုင်းတယ်။ Basic Salary ထဲက နှုတ်တယ်။ ပြီးတော့ တချို့ဟိုတယ်ဘက် ကလည်း အခြားအသုံးစရိတ်တွေ လျှော့ချလိုက်တယ်။ ညီမတို့ ဟိုတယ်လုပ်ငန်းဆိုလို့ရှိရင် Service Charges နဲ့ပဲ ရပ်တည်နေရတာပေါ့။ ညီမတို့ Staff တွေက။ Basic Salary ထက် Service Charges ကပိုရတာဆိုတော့။ Tourist မလာတဲ့အချိန်မှာ Service Charges မရတော့ဘူး ကိုယ်ရတဲ့ Basic Salary ပဲ ရတော့တာပေါ့” ဟု ယူအေအီးနိုင်ငံတွင် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးတစ်ဦးက ပြောကြားသည်။
ယူအေအီးနိုင်ငံတွင် တစ်နှစ်လုံးအလုပ်လုပ်ပြီဆိုပါက တစ်လခွင့်ရရှိကြောင်း၊ ဝန်ထမ်းကိုလည်း အလုပ်တာဝန်မှရပ်စဲပြီဆိုပါက တစ်လကြိုတင်အကြောင်းကြားကြောင်း၊ ယင်းသို့ အလုပ်မှရပ်စဲပါက ဗီဇာကိုပါ ပယ်ဖျက်ကြောင်း သိရသည်။
” ဒီမှာက ဝန်ထမ်းတစ်ယောက်ကို ရပ်စဲလိုက်ပြီဆိုလို့ရှိရင် သူတို့က one Month Notice ပေ့ါနော်။ တစ်လ Notice နဲ့ ရပ်စဲတယ်။ Terminate လုပ်လို့ရတယ် အလုပ်ရှင်ဘက်ကပေါ့။ အဲ့ဒါဆိုရင် သူတို့က ဗီဇာကိုလည်း Cancel လုပ်တယ်။ Cancelling ဗီဇာက တစ်လနေလို့ရတယ်။ အဲ့ဒါပြီးတော့ ကိုယ့်ဘာသာကိုယ် ဗီဇာကို ပြန် run ရတာပေါ့။ ကိုယ့်ဘာသာကိုယ် သက်တမ်းတိုးရတာ။ တချို့ကျတော့ ကိုယ့်ဘာသာကိုယ် သက်တမ်းတိုး ပြီးနေတဲ့သူတွေလည်းရှိတယ်။ ကိုယ့်အသုံးစရိတ်ကိုကြည့်ပြီးတော့ တခြားအလုပ်တွေ ရှာကြတာလည်းရှိတယ်။ တချို့ကျတော့လည်း သူငယ်ချင်းအဆက်အသွယ်တွေနဲ့ တခြားနိုင်ငံကိုပြောင်းပြီး အလုပ်ရှာကြတာ လည်းရှိတယ်” ဟု ၎င်းကပြောကြားသည်။
ဗီဇာသက်တမ်းတိုးပါက သက်တမ်းနှစ်လအတွက် မြန်မာငွေ ကျပ် ၁၀ သိန်းနီးပါးခန့်ရှိကြောင်း၊ နေထိုင်စားသောက်စရိတ်မှာ တစ်လလျှင် မြန်မာငွေကျပ် သိန်း ၂၀ နီးပါးရှိသည်ဟု မြန်မာလုပ်သားအချို့က ပြောကြားသည်။
” Visa extend တိုးရင် နှစ်လစာကို မြန်မာငွေ ၁ဝသိန်းဝန်းကျင်၊ အစားအသောက်ကျ တယောက်စာ တလ ရှစ်သိန်းနဲ့ ၁ဝသိန်းဝန်းကျင်ပေါ့။ အသုံးအစွဲကတော့ ကိုယ်သုံးသလောက်ပါပဲ။ အခန်းဌားတာက ကိုယ်သုံးမယ့်အခန်းပေါ်မူတည်ပြီး ၁၀ သိန်းဝန်းကျင်နဲ့ အစားစားရှိတယ်။ အများနဲ့ bed space share နေမယ်ဆိုရင်တော့မြန်မာငွေနဲ့ဆို တသိန်း၊ နှစ်သိန်းပိုသက်သာတာမျိုးတွေလဲရှိတယ်။ အဲ့ဒါကျတော့ တစ်လကို ၁၀ သိန်းလောက်တော့မကုန်ဘူး။ ရှစ်သိန်း၊ ကိုးသိန်းလောက်ပဲကုန်မယ်” ဟု ဟိုတယ်လုပ်ငန်းဖြင့် သွားရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာအမျိုးသမီးတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ယူအေအီးနိုင်ငံသို့ ဟိုတယ်လုပ်ငန်းဖြင့် လာရောက်လုပ်ကိုင်မည်ဆိုပါက အေးဂျင့်များပြောသည့် အခြေအနေများနှင့် အလုပ်လုပ်ကိုင်နေသူများ၏ ပြောကြားချက်များကိုပါ စုံစမ်းသင့်သည်ဟု မြန်မာလုပ်သားအချို့က ပြောကြားသည်။
” အခုချိန်ကတော့ hotel ပိုင်းနဲ့လာဖို့ကို အားမပေးချင်ဘူး၊ ခုဒီမှာ summer low season ဖြစ်တယ်။ အလုပ်ရှိနေပြီးသားသူတွေတောင် ဖြုတ်နေတာဆိုတော့။ လာမယ်လို့တွေးထားရင် travel agent တွေကိုပဲ အခြေအနေမေးတာမျိုးမဟုတ်ဘဲ ကိုယ့်အသိမိတ်ဆွေ တကယ်လုပ်ငန်းခွင်ဝင်တဲ့ သူတွေကနေမှတဆင့် သေချာစုံစမ်းတာ အကောင်းဆုံးပါ” ဟု မြန်မာလုပ်သားတစ်ဦးက အကြုံပြုပြောကြားသည်။
အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်သည့် ယူအေအီးနိုင်ငံမှာ ဟိုတယ်အလုပ်အကိုင်ဖြင့် မြန်မာလုပ်သားအများစု သွားရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း သိရသည်။
