ဓာတ်အားပြတ်တောက်ခြင်းများ လျော့နည်းပပျောက်သွားစေရန် ဒေသအလိုက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ၏ ဝန်အားနိုင်နင်းမှုအပေါ် မူတည်ပြီး လျှပ်စစ်ဓာတ်အားပိုမိုသုံးစွဲနိုင်ရေး အဆင့်လိုက်ဆောင်ရွက်သွားမည်
နိုင်ငံတစ်ဝန်းရှိ မြို့နယ်များသို့ လျှပ်စစ်ဓာတ်အား နေ့စဉ် ယူနစ် ၅၉ ဒသမ ၄ သန်း ဖြန့်ဖြူးပေးနေရာမှ ယူနစ် သန်း ၇၀ အထိ တိုးမြှင့်ဖြန့်ဖြူးပေးနေကြောင်း၊ ဓာတ်အားပြတ်တောက်ခြင်းများ လျော့နည်းပပျောက်သွားစေရန် ဒေသအလိုက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ၏ ဝန်အားနိုင်နင်းမှုအပေါ် မူတည်ပြီး လျှပ်စစ်ဓာတ်အားပိုမိုသုံးစွဲနိုင်ရေး အဆင့်လိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများသို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန် အတွက် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားများကို စိစစ်ထုတ်လုပ်၍ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂ ရက်မှ စတင်ပြီး အဆင့်ဆင့်တိုးမြှင့် ထုတ်လုပ်ပေးခဲ့ရာ လက်ရှိအချိန်အထိ နေ့စဉ်ယူနစ် ၁ဝ သန်းခန့်အထိတိုးမြှင့်ဖြန့်ဖြူး ပေးလျက်ရှိကြောင်း သိရသည်။
တိုးမြင့်ရရှိလာသော လျှပ်စစ်ဓာတ်အားများကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်များသို့ အချိုးကျတိုးမြှင့် ဖြန့်ဖြူးပေးလျက်ရှိရာ နေ့စဉ် ယူနစ် ၅၉ ဒသမ ၄ သန်း ဖြန့်ဖြူးပေးနေရာမှ ယူနစ် ၇၀ သန်းအထိ တိုးမြှင့်လာခြင်းဖြစ်ကြောင်း၊ လျှပ်စစ်သုံးစွဲမှု အမြင့်ဆုံးကာလများဖြစ်သည့် ၂၀၂၆ ခုနှစ် ဧပြီလနှင့် မေလတို့အတွက် ဖြန့်ဖြူး ပေးနိုင်ခဲ့မှုကို ၂၀၂၅ ခုနှစ် ဧပြီ၊ မေလတို့နှင့်နှိုင်းယှဉ်ပါက သိသာစွာ တိုးမြှင့်ဖြန့်ဖြူးနိုင်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း သိရသည်။
ပူပြင်းသည့် ယခုအချိန်အခါများတွင် သုံးစွဲမှုမှာ သိသာစွာတိုးမြှင့်လျက်ရှိသဖြင့် နေရာဒေသ အလိုက် အလှည့်ကျ အချိန်ပိုင်းဝန်အားလျှော့ချ၍ ဆောင်ရွက်နေရကြောင်း၊ သို့ဖြစ်ရာ လျှပ်စစ်မီး ပြန်လည်ပေးဝေသည့်အချိန်များတွင် တစ်ပြိုင်တည်း ရယူသုံးစွဲကြသဖြင့် Starting Load များဖြင့်တက်ပြီး ဓာတ်အားပြတ်တောက်ခြင်းအပြင် မမျှော်မှန်းနိုင်သည့်အခြေအနေများဖြစ်သည့် မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ မြေပြိုခြင်းများ စသည့်အခြေအနေများကြောင့် အချိန်ပိုင်းဓာတ်အားပြတ်တောက်ခြင်း များ ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်များ လျော့နည်းပပျောက်သွားစေရန်အတွက် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိနေပြီး ဒေသအလိုက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ၏ ဝန်အားနိုင်နင်းမှုအပေါ် မူတည်ပြီး ပြည်သူများ လျှပ်စစ်ဓာတ်အားပိုမိုသုံးစွဲနိုင်ရေး အဆင့်လိုက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံကြီးများ၊ အရေးကြီးဌာနဆိုင်ရာများ၊ LNG ဖြင့် ဓာတ်အားရယူထားသော စက်မှုဇုန် များ စီးပွားရေးလုပ်ငန်းများသို့ အချိန်ဖြင့်လျှပ်စစ်ဓာတ်များ ဖြန့်ဖြူးပေးထားပြီး ရုံးပိတ်ရက်များတွင် အများပြည်သူသို့ လျှပ်စစ်ဆတ်အား ပိုမိုဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အားပြုန်းတီးမှုမဖြစ်ပေါ် စေရေး တစ်ဦးချင်းအနေဖြင့် စနစ်တကျသုံးစွဲရန် လိုအပ်မည် ဖြစ်သကဲ့သို့ ရည်ရွယ်ချက်ရှိစွာ လျှပ်စစ် ဓာတ်အားပြုန်းတီးမှုဖြစ်ပေါ်စေရေး ဆောင်ရွက်နေမှုများကို တိကျစွာတိုင်ကြားလာမှုများအပေါ်ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ယခုရက်သတ္တပတ်အတွင်း တိုင်ကြားသူများ ကျေနပ်မှုရှိသည်အထိဝန်ဆောင်မှုပေးနိုင်ခဲ့ခြင်းဖြင့် ပြည်သူများ ဓာတ်အားတိုးမြှင့်ရရှိစေလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လေလွင့်ဆုံးရှုံးမှုများ လျော့နည်းလာခြင်းဖြင့် ပြည်သူများ အနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် ပိုမိုရှိလာကြမည်ဖြစ်ရာ လျှပ်စစ်ဓာတ်အားစနစ်နှင့်စပ်လျဉ်း ၍ နိုင်ငံတော်နှင့် ပြည်သူများ နစ်နာစေမှုများ တွေ့ရှိရပါက ဖော်ပြပါ Call Center များသို့ အကြံပြုခြင်း၊ တိကျစွာ တိုင်ကြားခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အသိပေးအပ်ကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (နေပြည်တော်) – ၀၆၇-၃၄၁၀၀၇၂၊ ရန်ကုန်လျှပ်စစ်ပေတ်အားပေးရေးကော်ပိုရေးရှင်း (YESC) – ၁၇၁၇ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) – ၁၆၁၆ ၀၂-၄၀၃၉၃၃၀၊ ၁၂-၄၀၇၃၆၆၆ ၀၂-၄၀၇၂၆၁ (Hot line) ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ – ဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သော http://www.moep.gov.mm တွင်ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ရယူ၍ဆက်သွယ်နိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကသိရသည်။
