ခွင့်ပြန်အလုပ်သမားများ၏ OWIC ပြုလုပ်ခွင့် လျှောက်ထားမှုများအပေါ်  စိစစ်ပြီး အလုပ်သမား ၆ဝ၆ ဦးကို OWIC ကတ် ပြုလုပ်ပေးမည်

ခွင့်ပြန်အလုပ်သမားများ၏ OWIC ပြုလုပ်ခွင့် လျှောက်ထားမှုများအပေါ်  စိစစ်ပြီး အလုပ်သမား ၆ဝ၆ ဦးကို မေ ၁၁ ရက်မှ ၂၂ ရက်အတွင်း OWIC ကတ် ပြုလုပ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်သည်။

အလုပ်သမားဝန်ကြီးဌာနမှ ရက် ၁၀၀ စီမံချက်အတွင်း ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လည်ဝင်ရောက်လာပြီး ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ပြုလုပ်ခွင့် လျှောက်ထားလာမှုများအပေါ် သက်ဆိုင်ရာကုမ္ပဏီ/အလုပ်ရှင်များတွင် အမှန်တကယ် အလုပ်လုပ်ကိုင်နေခြင်း ဟုတ်/မဟုတ်၊ ခွင့်ဖြင့် ပြန်လည်ဝင်ရောက်လာခြင်း မှန်/မမှန် မေ ၈ ရက်အထိ လက်ခံရရှိသောလျှောက်ထားမှုများမှ အလုပ်သမား ၆ဝ၆ ဦးကို စိစစ်ပြီးဖြစ်၍ မေ ၁၁ ရက်မှ ၂၂ ရက်အတွင်း ၎င်းတို့ကို OWIC ပြုလုပ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ခွင့်ပြန်အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရေးအတွက် OWIC အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းနှင့် OWIC ပါအချက်အလက်များ တူညီမှုမရှိ၍ ကတ်လဲလှယ်ခြင်းများအတွက် ထပ်မံလျှောက်ထားလာမှုများကိုလည်း အမြန်ဆုံးစိစစ်ပြီး အထောက်အထား ပြည့်စုံမှန်ကန်ပါက (ရုံးပိတ်ရက်မပါ) ရက်သတ္တပတ်အတွင်း OWIC ပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) ပြုလုပ်ခွင့်ရရှိသူ အမည်စာရင်းများကို Safe Migration (Facebook, Telegram, TikTok) တို့တွင် ဖော်ပြသွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ရက်များတွင် OWIC ကတ်ပြုလုပ်ပြီးသော ခွင့်ပြန်အလုပ်သမားများသည် မိမိထွက်ခွာလိုသည့်နေ့ရက်အား သတ်မှတ်စာရွက်စာတမ်းများနှင့်အတူ လေယာဉ်လက်မှတ်ပူးတွဲ လျက် ပြည်ပထွက်ခွာခွင့်များကို ပြန်လည်တင်ပြလျှောက်ထားလာပါက ထွက်ခွာရက်အမီ စိစစ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်သည်။

Leave a Reply

Your email address will not be published. Required fields are marked *