ဝယ်လိုအားရှိသည့် မြန်မာ့ပေါ်ဆန်းနှင့် မြန်မာ့ကော်ဖီကို ဈေးကွက်လိုအပ်ချက်အတိုင်းပြည့်မီအောင်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မေ ၆ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် ပေါ်ဆန်းမွှေးဆန်သည် နိုင်ငံတကာဈေးကွက်တွင်နာမည်ရပြီးဖြစ်၍ ဈေးကွက်လို အပ်ချက်ရှိသည့်ပို့ကုန်တစ်ခုဖြစ်ရာ မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည့်နည်းတူ မြန်မာနိုင်ငံမှထွက်ရှိသည့် ကော်ဖီသီးနှံသည်လည်းဝယ်လိုအားရှိပြီးဖြစ် သည်ဟု ပြောသည်။
“ဒါ့ကြောင့် ဈေးကွက်လိုအပ်ချက်ရှိပြီး ဝယ်လိုအားရှိတဲ့ မြန်မာ့ပေါ်ဆန်းနဲ့ မြန်မာ့ကော်ဖီကို အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်ဖို့နဲ့ ဈေးကွက်လိုအပ်ချက်အတိုင်း ပြည့်မီအောင်တင်ပို့နိုင်ဖို့ကြိုးပမ်းဆောင်ရွက်ရပါမယ်”ဟု နိုင်ငံတော်သမ္မတက မှာကြားသည်။
ထို့ပြင် နိုင်ငံတော်၏ စီးပွားရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ ပြည်တွင်းကုန်ထုတ်လုပ်မှုများကိုအား ပေးပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကာ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ကုန် ထုတ်လုပ်မှုသည်မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းရပ်ဖြစ်သည်ဟု ပြောသည်။
ကုန်သွယ်မှုတွင်အဓိကကျသည့် ပို့ကုန်၊ သွင်းကုန်များကို လေ့လာဆန်းစစ်ချက်များအရ မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်းထုတ်ကုန်များ၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ပြည်ပသို့တင်ပို့လျက်ရှိပြီး ပြည်ပမှ လောင်စာဆီများ၊ စားသုံးဆီများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများကို တင်သွင်းနေရပြီး ကုန်သွယ်မှုလိုငွေရှိနေဆဲဖြစ်၍ နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်ပါက မိမိတို့အနေဖြင့် ယခုထက်ပိုမိုကြိုးပမ်းလုပ်ဆောင်ကြရမည်ဟု ပြောသည်။
ထို့ကြောင့် ပို့ကုန်များတိုးမြှင့်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ထုတ်ကုန်တိုးမြင့်လာစေရေး၊ အရည်အသွေးကောင်းမွန်စေရေး၊ ဈေးကွက်ရရှိရေးတို့နှင့်ပတ်သက်၍ စဉ်ဆက်မပြတ်သုတေသနပြုဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။
