မြန်မာနိုင်ငံ၌ ထိုင်းဘတ်အား ကုန်သွယ်မှုကဏ္ဍတွင်သာမက ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံ၌ ထိုင်းဘတ်အား ကုန်သွယ်မှုကဏ္ဍတွင်သာမက ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ပြောကြားသည်။

ဧပြီ ၂၈ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးသည် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ ထိုင်းနိုင်ငံသံရုံး ယာယီတာဝန်ခံ Mr. Yordying Supasri နှင့်အဖွဲ့အား လက်ခံတွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံတွေ့ဆုံမှုတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး ယာယီတာဝန်ခံက နှစ်နိုင်ငံကြား ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရာတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ ပုဂ္ဂလိကကဏ္ဍ၏ ကုန်သွယ်မှုနှင့် ငွေရေးကြေးရေးဆိုင်ရာကိစ္စရပ်များတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ ပို့ကုန်ရငွေမှ မြန်မာကျပ်ငွေသို့ လဲလှယ်ခြင်းကို တဖြည်းဖြည်း ဖြေလျှော့ပေးခဲ့သည့်မူဝါဒအား ကြိုဆိုပါကြောင်း၊ ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ထိုင်းဘတ်ငွေဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်လိုကြောင်း၊ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ပိုမိုတိုးချဲ့ဆောင်ရွက်လိုပါကြောင်း၊ နည်းပညာဆိုင်ရာ အကူအညီများ လိုအပ်ပါက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေကြေးတည်ငြိမ်မှုရရှိစေရန်၊ ငွေလဲလှယ်နှုန်း တည်ငြိမ်မှုရှိစေရန်၊ ငွေကြေးဖောင်းပွမှုလျော့ကျစေရန်၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် ခိုင်မာတိုးတက်စေရန်၊ ဘဏ်လုပ်ငန်းစနစ် တည်ငြိမ်စေရန်တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ထိုင်းဘတ်အား ကုန်သွယ်မှုကဏ္ဍတွင်သာမက ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်ကြောင်း၊ ငွေရေးကြေးရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုနှင့် ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ နည်းပညာဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ထိုင်းနိုင်ငံဘဏ်များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *