ငြိမ်းချမ်းရေးတွင် မဖြစ်နိုင်ခြင်းများကိုတောင်းဆိုပြီး အဖွဲ့အစည်းတည်တံ့ခိုင်မြဲရေးအတွက်လုပ်နေပါက မှားမည်ဖြစ်ကြောင်းနှင့် လုပ်သင့်လုပ်ထိုက်သည်များ နိုင်ငံတော်အနေဖြင့် လုပ်ရခြင်းများ ရှိလာလိမ့်မည်ဟု နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားသည်။
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ကို ဧပြီ ၂၀ ရက်၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာတွင်တက်ရောက် အမှာစကားပြောကြားရာ၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထိုသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ PDF အမည်ခံအဖွဲ့များအနေဖြင့် နိုင်ငံ၏ အချို့သောနေရာဒေသများတွင် အဖျက်အမှောင့်လုပ်ရပ်မျိုးစုံကို ကျုးလွန်နေသည်ကိုတွေ့ရှိရပြီး အများစုအနေဖြင့် ဆက်ကြေးများ၊ ဂိတ်ကြေးများတောင်းခံခြင်း၊ ဒေသအလိုက်မှ ထွက်ရှိသည့် သစ်တောသယံ ဇာတများ၊ မြေပေါ် မြေအောက် သယံဇာတများကို တရားမဝင်ထုတ်ယူ၍ ၎င်းတို့ ကိုယ်ကျိုးအတွက်အသုံးပြုနေကြ ကြောင်း၊ ၎င်းတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေ ရွေးကောက်ပွဲ တွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုရလာဒ်များအရ ဖြစ်ပေါ်လာသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင် အကြမ်းဖက်သည့် နည်းလမ်းကို ရွေးခြယ်ခဲ့ရာမှ ပေါ်ပေါက်လာခဲ့ကြခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဒီမိုကရေစီ နည်းလမ်းတကျပေါ်ပေါက်လာသည့် ရွေးချယ်ခံအစိုးရအနေဖြင့် နိုင်ငံတော်တွင်တာဝန် ထမ်းဆောင်နေပြီဖြစ်ကြောင်း၊ PDF အမည်ခံအဖွဲ့များအား တရားဥပဒေအတွင်းသို့ ဝင်ရောက်လာစေရေး ဖိတ်ခေါ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
“ရက် ၁၀၀ ဆိုတော့ ဒီနေ့က ၂၀ ရက်ပေါ့၊ မှတ်ရလွယ်ပါတယ်။ ဇူလိုင်လ ၃၁ ရက်နေ့ကရက် ၁၀၀ လို့သတ်မှတ်လိုက်ပေါ့။ ဇူလိုင် ၃၁ ရက်နေ့နောက်ဆုံးထားပြီးတော့ ရက် ၁၀၀ နဲ့ ပတ်သက်ပြီး ကျွန်တော် နည်းနည်းပြောချင်ပါတယ်။ ခုနက ပြောတဲ့ PDF နဲ့ပတ်သက် ပြီးတော့ PDF ကတော့ ကျနော်တို့ ဒီတွေ့ဆုံဆွေးနွေးခြင်းနဲ့ငြိမ်းချမ်းရေးအတွက် အလင်းဝင်ဖို့လည်း ပြောထားတာရှိပါတယ်။ အခုလည်း အလင်းဝင်တာတွေ အများကြီး ရှိပါတယ်။ လပခနယ်မြေတို့၊ တပခ နယ်မြေတို့ဆိုရင် အလင်းဝင်ကြတာတွေ အများကြီးပဲရှိတယ်။ လပခကတော့ပိုများတာပေါ့ ရာနဲ့ချီပြီးတော့ ဝင်ကြတယ်။ ဒါထက်လည်း လာဖို့အတွက် သူတို့တောင်းဆိုနေတာတွေလည်း ရှိပါတယ်။ ကျွန်တော် တို့က ကြိုဆိုပါတယ်။ PDF နဲ့ပတ်သက်ပြီးတော့။ ရက်ပေါင်း ၁၀၀ အတွင်းမှာ လာပြီးတော့ ငြိမ်းချမ်းရေးအတွက် လာကြပါ။ EAO နဲ့ပတ်သက်ပြီးတော့ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထဲမှာ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရှိတယ်။ NCA လက်မှတ်ရေးထိုးထားခြင်းမပြုတဲ့အဖွဲ့တွေရှိတယ်။ အဲ့ဒီတော့ ကျွန်တော် နှစ်ဖွဲ့ လုံးကို ဖိတ်ခေါ်ပါတယ်။ NCA နဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေး လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့မတိုင်မီမှာ တွေ့ဆုံဆွေးနွေးဖို့ အတွက် ဖိတ်ခေါ်ပါတယ်။ ဒါ လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့ပေါ့။ မနက်ဖြန်ကျရင် လည်း ကျွန်တော်တို့ကြေညာချက်တွေထုတ်မှာဖြစ်ပါတယ်။ ဒါလေး ကြိုပြီး ကျွန်တော်ပြောပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အတူ NCA လက်မှတ်ထိုးထားသော်လည်း ငါးနှစ်အတွင်း တွေ့ဆုံခြင်းမပြုတဲ့အဖွဲ့တွေရှိကြောင်း၊ ဥပမာအားဖြင့် KNU၊ CNF၊ ABSDF စသည့် အဖွဲ့များကို ဖိတ်ခေါ်ကြောင်း၊ မည်သို့လုပ်ဆောင်ချင်သည်ကို ဆွေးနွေးရန် EAO များကို ဖိတ်ခေါ်ကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။
နိုင်ငံတော်သမ္မတက “လက်မှတ် ရေးထိုးထားပြီးတော့မှ သဘောတူညီချက်ယူထားတာတွေရှိတယ်။ ဥပမာအားဖြင့် ၄၃ ချက် သဘောတူညီထားတာရှိတယ်။ NCA လက်မှတ်ရေးထိုးပြီးတော့မှ ဆွေးနွေးခဲ့တဲ့ အထဲမှာ Union Accord ရထားတဲ့ သဘောတူညီချက်တွေရှိတယ်။ အဲ့ဒါကိုလည်း လာမယ့် ပြည်ထောင်စုလွှတ်တော်တွေမှာ တင်ပြပြီးတော့ အပိုင်းလိုက် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ခုနကပြောတဲ့ တွေ့ဆုံဆွေးနွေးခြင်းမပြုရသေးတဲ့ အဖွဲ့တွေလည်း တွေ့ဆုံဆွေးနွေးဖို့အတွက် ဇူလိုင်လ ၃၁ ရက်နောက်ဆုံးထားပြီးတော့ ဆွေးနွေးဖို့ အတွက် ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့လည်း ငြိမ်းချမ်းရေးလိုချင်ပါတယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုမရှိရင် ဖွံ့ဖြိုးရေးကိစ္စဆိုတာ ဘာမှလုပ်လို့မရဘူး။ ငြိမ်းချမ်းရေးလုပ်မှသာ၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းက လုပ် လို့ရတယ်။ ရှေ့က တည်ဆောက်ရေးလုပ်ငန်းလုပ်သွား နောက်က အဖျက်လုပ်ငန်းတွေ ပါလာလို့ရှိရင် သမင် မွေးရင်း၊ ကျား စားရင်း ဆိုသလိုဖြစ်နေမှာပေါ့။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးမှာလည်း မဖြစ်နိုင်တာတွေ လျှောက်တောင်းဆိုပြီး တော့မှ ကိုယ့်အဖွဲ့အစည်းတည်တံ့ခိုင်မြဲရေးအတွက်လုပ်နေတယ်ဆိုလို့ရှိရင်တော့ မှား သွားမယ်။ ကျွန်တော်တို့အနေနဲ့လည်း လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ နိုင်ငံ တော်အနေနဲ့လည်း လုပ်ရမှာတွေ ရှိလာပါလိမ့်မယ်”ဟုပြောကြားသည်။
ထို့ကြောင့် EAO များအနေဖြင့် NCA လက်မှတ် ရေးထိုးထားသည့်အဖွဲ့သာမက NCA လက်မှတ်ရေးထိုးထားခြင်းမပြုသည့်အဖွဲ့များပါ ငြိမ်းချမ်းရေးနဲ့ပတ်သက်၍ ဖိတ်ခေါ်ကြောင်း၊ ဇူလိုင် ၃၁ ရက်မတိုင်မီ တွေ့ဆုံဆွေးနွေးမှုများလုပ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကဆိုသည်။
“ဒီလိုပဲ PDF နဲ့ပတ်သက်လို့ရှိရင်လည်း ဒီကာလအတွင်းမှာ ဥပဒေဘောင်အတွင်း ဝင်လာကြဖို့ ဖိတ်ခေါ်ပါတယ်။ နိုင်ငံရေးအရ လည်း ဘာမှခိုင်လုံတဲ့အကြောင်းပြချက်မဟုတ်ပါဘူး။ အဖွင့်မှာပြောခဲ့သလိုပဲ အသုံး ချခံနေရလို့သာဖြစ်နေကြတာပဲဖြစ်ပါတယ်။ ဒါကြောင့် အသုံးချ မခံရအောင်နေကြဖို့ ပြောလိုပါတယ် ”ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
အဆိုပါအစည်းအဝေးတွင် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးက်စ္စများကိုလည်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားပြီး အစည်းအဝေးသို့ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ တို့တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက် ရောက်ခဲ့ကြောင်း သိရသည်။
