မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည် ခြေချပြီး ပိုမိုကောင်းမွန်သည့်အနာဂတ်ဆီဦးတည် လျှောက်လှမ်းနေပြီဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၀ ရက်နံနက် ၁၀ နာရီက ပြည်ထောင်စုလွှတ်တော်တွင်ကျင်းပသည့် မြန်မာနိုင်ငံတော်သမ္မတသစ် ကတိသစ္စာပြုပွဲတွင် မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
” အခုဆိုရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ခြေချပြီး ပိုမိုကောင်းမွန်တဲ့အနာဂတ်ဆီကို ဦးတည်လျှောက်လှမ်းနေပြီဖြစ်တဲ့အတွက် ပါတီစုံဒီမိုကရေစီစနစ် ပိုမိုခိုင်မာအောင်ကြိုးပမ်းတည်ဆောက်သွားရမှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံတော်သမ္မတက ပြောသည်။
ထို့ပြင် မိမိတို့အစိုးရသစ်အတွက် စိန်ခေါ်မှုများစွာစောင့်ကြိုနေသည်ကို ကောင်းစွာသိရှိထား၍ ကမ္ဘာ့အရေး၊ မြန်မာ့အရေး၊ နိုင်ငံရေး၊ စီးပွားရေးစသည့် အခက်အခဲများအပါအဝင် နယ်ပယ်ပေါင်းစုံမှ စိန်ခေါ်မှုများကို အစိုးရနှင့် ပြည်သူလူထုအတူတကွလက်တွဲညီညီပူးပေါင်းပြီး ရင်ဆိုင်ကျော်လွှားရန်သန္နိဋ္ဌာန်ချထားသည်ဟု ပြောသည်။
ထို့ကြောင့် မိမိဦးဆောင်သည့် အစိုးရအဖွဲ့၏ ရည်မှန်းချက်၊ မူဝါဒများနှင့် သဘောထားများကို ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် ပြည်သူများကိုတင်ပြပြီး နိုင်ငံနှင့်ပြည်သူအကျိုးကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကာ အစိုးရသစ်အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုသည့် ရည်ရွယ်ချက် လုပ်ငန်းစဉ်များက်ု ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
