သင်တန်းဆင်းမိန့်ခွန်း ကောက်နုတ်ချက်

ဒီနေ့ဟာ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၇)ရဲ့ သင်တန်းဆင်းတဲ့နေ့ဖြစ်ပြီး စစ်ပညာ၊ စာပေပညာတွေ သင်ကြားတတ်မြောက်ခဲ့တဲ့သူတွေကို တပ်မတော် (ကြည်း၊ ရေ၊ လေ) ရင်း/ဖွဲ့အသီးသီးမှာ ခေါင်းဆောင်ငယ်တွေအဖြစ် စတင်တာဝန်ပေးအပ်တဲ့နေ့ဖြစ်ကာ နိုင်ငံတော်နဲ့ တပ်မတော်အတွက် ခွန်အားသစ်တိုးပွားစေတဲ့ နေ့ထူး၊ နေ့မြတ်ဖြစ်။

ခေါင်းဆောင်မှုပညာဆိုတာ မွေးရာပါအရည်အချင်းမဟုတ်ဘဲ ကိုယ်တိုင် လေ့လာ၊ ကျင့်ကြံ၊ ကြိုးစားအားထုတ်ပြီး ရယူရတာဖြစ်လို့ ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ရပ်နဲ့အညီ ကိုယ်တိုင်ကြိုးစား လုပ်ဆောင်သွားကြရမှာဖြစ်။

မည်သည့်လုပ်ငန်းတာဝန်မဆို ရိုးသားတဲ့စိတ်ကိုအခြေခံပြီး မှန်ကန်စွာလုပ်ဆောင်မှသာ အောင်မြင်မှုရနိုင်မှာဖြစ်။

နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ဆုတ်ယုတ်မှုတို့ဟာ အဲဒီနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတွေရဲ့ ကြိုးစားအားထုတ်မှု၊ စည်းကမ်းလိုက်နာမှုနဲ့လည်း အများကြီးသက်ဆိုင်။

စည်းကမ်းဆိုတာ အကြမ်းဖျင်းအားဖြင့် တိုက်တွန်းချက်စည်းကမ်း၊ တားမြစ်ချက်စည်းကမ်း နှစ်မျိုးရှိကာ စစ်သည်တော်ကျင့်ဝတ်(၆၀)ပါးကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာလိုက်နာသွားကြပြီး တပ်မတော်အက်ဥပဒေ ပြစ်မှု ၄၁ မျိုးနဲ့ သက်ဆိုင်တဲ့ပုဒ်မတွေကို အထူးရှောင်ကြဉ်သွားကြရမှာဖြစ်။

ယနေ့ခေတ်မှာ အဆင့်မြင့် Drone နည်းပညာ၊ စစ်လက်နက်ပစ္စည်းများ၊ AI နည်းပညာ၊ ဆိုက်ဘာ၊ အာကာသနဲ့ သတင်းအချက်အလက်နည်းပညာများ တိုးတက်ပြောင်းလဲလာမှုကြောင့် ခေတ်မီတပ်မတော်တည်ဆောက်ရာမှာ ပညာရည်မြင့်မားရေးဟာ အလွန်အရေးကြီး။

အတတ်ပညာက လူတော်ဖြစ်စေနိုင်ပြီး အသိပညာက လူကောင်းဖြစ်စေနိုင်တာကြောင့် လူတော်လူကောင်းများဖြစ်ဖို့ အတတ်ပညာရော၊ အသိပညာရော ကြွယ်ဝလာစေရန် ကြိုးစားလုပ်ဆောင်သွားဖို့လို။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုကြောင့် တပ်မတော်က အမျိုးသားနိုင်ငံရေးတာဝန်ကို ထမ်းဆောင်ရချိန်မှာ အကြမ်းဖက် NUG, CRPH အဖွဲ့တွေရဲ့ ဝါဒမှိုင်းတိုက်ပြီး လူငယ်တွေကို လက်နက်ကိုင်စေတဲ့ လမ်းစဉ်ကြောင့် လူ့စွမ်းအား အရင်းအမြစ် ဆုံးရှုံးမှုတွေဖြစ်ခဲ့ရ။

ပြည်ထောင်စုအကျိုး ရှေးရှုပြီး PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေကို ဥပဒေဘောင်အတွင်း ဝင်ရောက်လာနိုင်ဖို့ နိုင်ငံတော်က ကြိုဆိုဖိတ်ခေါ်ထားပြီးဖြစ်။

ဒီနိုင်ငံရဲ့ ကာကွယ်ရေးမဟာဗျူဟာအနေနဲ့ ပြည်သူများပါဝင်တဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးနေတာကြောင့် နိုင်ငံ့ရန်စွယ်မှန်သမျှ တပ်မတော်ကို မဏ္ဏိုင်ပြုထားတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ စုပေါင်းအားတွေနဲ့ တွန်းလှန်ချေမှုန်းသွားကြရမှာက နိုင်ငံသားတိုင်းရဲ့ မွေးရာပါသမိုင်းပေးတာဝန်ပဲဖြစ်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ရန် ကြိုးပမ်းနေချိန်မှာ အစိုးရကို ဆန့်ကျင်နေတဲ့ အကြမ်းဖက် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေဟာ ရွေးကောက်ပွဲမှာ ပြည်သူ့ဆန္ဒမဲနဲ့ တင်မြှောက်တဲ့ အစိုးရတစ်ရပ် ဖြစ်ပေါ်လာရင် ၎င်းတို့(သူတို့) ရှေ့ဆက်ရပ်တည်ဖို့ ခက်ခဲလာနိုင်တာကြောင့် ရွေးကောက်ပွဲကို အနှောင့်အယှက်ပြုလျက်ရှိပြီး ကျောင်းဆင်းအရာရှိများအနေနဲ့ ပြည်သူနဲ့လက်တွဲပြီး ကျရာကဏ္ဍအသီးသီးကနေ ကြိုးပမ်းကာကွယ် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလို။

(စစ်တက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်း(၆၇)သင်တန်းဆင်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းမှ ကောက်နုတ်ဖော်ပြသည်)

တိုက်ပွဲသတင်းစုံ

Leave a Reply

Your email address will not be published. Required fields are marked *