အမေရိကန်ဘဏ္ဏာဝန်ကြီးဌာန၏ နိုဝင်ဘာလ (၁၂) ရက်က ထုတ်ပြန်ချက်အရ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ လူပုဂ္ဂိုလ် ငါးဦးနှင့် အဖွဲ့အစည်း သုံးခုကို ကျားဖြန့်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများတွင် ပါဝင်ပတ်သက်နေခြင်းကြောင့် ပိတ်ဆို့အရေးယူလိုက်ကြောင်း သိရသည်။
အမေရိကန်အစိုးရ၏ ခန့်မှန်းချက်အရ (၂၀၂၄) ခုနှစ်တွင် အမေရိကန်နိုင်ငံသားများသည် အရှေ့တောင်အာရှအခြေစိုက် အွန်လိုင်းလိမ်လည်မှုများ၊ ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည် ပလက်ဖောင်းများကြောင့် အနည်းဆုံး ဒေါ်လာ (၁၀) ဘီလီယံ ဆုံးရှုံးခဲ့ကြောင်း သိရသည်။”
မြန်မာနိုင်ငံထဲမှာ လှုပ်ရှားနေတဲ့ ရာဇဝတ်ကွန်ရက်တွေဟာ အွန်လိုင်းလိမ်လည်မှုတွေကနေတဆင့် အမေရိကန်နိုင်ငံသားတွေဆီကနေ ဒေါ်လာ ဘီလီယံပေါင်းများစွာကို ခိုးယူနေကြတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိ ဂျွန်ဟာလေက ဆိုသည်။ “ဒီကွန်ရက်တွေကပဲ လူတွေကို ကုန်ကူးပြီး မြန်မာ့ပြည်တွင်းစစ်ကို အားဖြည့်ပေးနေပါတယ်။
အမေရိကန်အစိုးရအဖွဲ့ဟာ ဒီဆိုက်ဘာရာဇဝတ်သားတွေကို သူတို့ ဘယ်နေရာမှာပဲ လည်ပတ်နေပါစေ၊ ဖမ်းဆီးဖို့နဲ့ အမေရိကန်မိသားစုတွေအပေါ် ခေါင်းပုံဖြတ်မှုကနေ ကာကွယ်ဖို့အတွက် အရာရာလုပ်ဆောင်သွားမယ်”ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင်းမှ အရေးယူပိတ်ဆို့ခံရသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတို့တွင် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) နှင့် ၎င်း၏ ခေါင်းဆောင်သုံးဦးဖြစ်သော စောစတီး၊ စောစိန်ဝင်း နှင့် စောဆန်းအောင်တို့ ပါဝင်သည်။
အရေးယူပိတ်ဆို့မှုများတွင် ထိုင်းနိုင်ငံသား ချာမူ ဆာဝမ်အပါအဝင် Trans Asia International Holding Group Thailand ကုမ္ပဏီ နှင့် Troth Star ကုမ္ပဏီတို့လည်း ပါဝင်သည်။
၎င်းတို့သည် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များနှင့် တရုတ်နိုင်ငံမှ ဂိုဏ်းများအကြား ချိတ်ဆက်ပေးသည့်အပြင် DKBA နှင့် အခြားဒေသခံ လက်နက်ကိုင်အဖွဲ့များအား ကျားဖြန့်စင်တာများ တည်ဆောက်ရာတွင် ကူညီပေးခဲ့သည်ဟု စွပ်စွဲခံထားရသည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးမှုအရ လိမ်လည်မှုမှ ရရှိသော ငွေကြေးအချို့ကို မြဝတီအနီး က ကျားဖြန့်စခန်းဖြစ်သည့် Tai Chang သို့ ပြန်လည်ပေးပို့နေကြောင်း တွေ့ရသည်။
အဆိုပါစခန်းသည် DKBA ထိန်းချုပ်နယ်မြေအတွင်း တည်ရှိပြီး DKBA မှ ဗိုလ်မှူးချုပ် စိုင်းကျော်လှက ထိန်းချုပ်ထားသည်။အဆိုပါ ကျားဖြန့်စင်တာကို Trans Asia ကလည်း ထောက်ပံ့ပေးနေပြီး၊ ၎င်းသည် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဆိုအရ တရုတ်ရာဇဝတ်ဂိုဏ်းများအတွက် ထိုင်းနိုင်ငံအခြေစိုက် ရှေ့ပြေးကုမ္ပဏီအဖြစ် ဆောင်ရွက်နေသည်။ Trans Asia သည် Huanya စခန်းနှင့် နာမည်ဆိုးဖြင့် ကျော်ကြားသော KK Park စခန်းအပါအဝင် အွန်လိုင်း လိမ်လည်မှုစခန်းများ တည်ဆောက်ရန်အတွက် အရေးယူပိတ်ဆို့ခံထားရသည့် အဖွဲ့များနှင့်အတူ မြေငှားရမ်းမှု စာချုပ်များကိုလည်း ချုပ်ဆိုထားကြောင်း သိရသည်။
(၂၀၂၅) ခုနှစ်၊ မေလ (၅) ရက်နေ့ကလည်း မြန်မာလက်နက်ကိုင်အဖွဲ့ဖြစ်သော ကရင်အမျိုးသားတပ်မတော် (Karen National Army – KNA) ကို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်သည့် အဖွဲ့အစည်း (Transnational Criminal Organization – TCO) အဖြစ် သတ်မှတ်ခဲ့ပြီး ၎င်း၏ခေါင်းဆောင် စောချစ်သူနှင့် သားနှစ်ဦးဖြစ်သော စောထူးအယ်လ်မူး၊ စောချစ်ချစ်တို့ကို အရေးယူပိတ်ဆို့ခဲ့ဖူးသည်။
