မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေ မှာ Facebook လူမှုကွန်ရက် အသုံးပြုသူအများအပြား ရဲ့ အကောင့်တွေ ပိတ်ချခံရတာနဲ့ အပြီးတိုင်ဖျက်သိမ်း ခံရတာတွေ ရှိနေတယ်လို့ နည်းပညာအသိုင်းအဝိုင်းဆီ က သိရပါတယ်။
အောက်တိုဘာ ၁၇ ရက် ညပိုင်းကစတင်ပြီး Facebook သုံးစွဲသူတွေ ရဲ့ အကောင့်တွေ တစ်ပြိုင်နက်တည်း အသုံးခွင့် ရပ်ဆိုင်းခံရတာ (Disable ချခံမှု) တွေ ဖြစ်ပွားခဲ့သလို အဲဒီထဲမှ တစ်ချို့အကောင့်တွေကတော့ ရက်ပေါင်း ၁၈၀ ရပ်ဆိုင်းခံရတာဖြစ်ပေမယ့် တချို့ အကောင့်တွေကို အပြီးတိုင်ပိတ်သိမ်းလိုက်တာ လို့ ဆိုပါတယ်။
” Starlink အပိတ်ခံရမှုနဲ့ ဆက်စပ်ပြီး မနက်ပိုင်းမှာ Meta ဘက်က System Security လှုပ်ရှားမှုတွေဖြစ်ခဲ့တာ။ ညနေပိုင်းမှာတော့ Infomation မပြည့်စုံတဲ့ Account တွေနဲ့ အရင်ကစည်းမျဉ်းချိုးဖောက်မှုထိဖူးသူတွေကို တစ်ပြိုင်တည်း Disable ချပစ်တာဖြစ်နိုင်တယ်။” လို့ နည်းပညာကျွန်းကျင်သူအမျိုးသားတစ်ဦးက Connect Burma ကိုပြောပါတယ်။
ဒါ့အပြင် Meta စည်းမျဉ်းစည်းကမ်းသစ်တွေ အရ Facebook Pages အပြင် Boost Ads ပြုလုပ်သူတွေ လုပ်ဆောင်မှုမမှန်ပါကလည်း Account တွေကိုပိတ်နိုင်တယ်လို့သူကဆိုပါတယ်။
“ကျွန်တော်အကောင့်ကိုဆို တစ်လလောက် disable ချခံရတာ။ ID မျိုးစုံတင်ပေးတာနဲ့လည်း မရဘူး။ Meta Support ကလည်း သူတို့နဲ့မပြောနိုင်အောင် ဆက်သွယ်ခွင့်တားထားတဲ့ပုံရတယ်။ မနီဘဲနဲ့ပိတ်ချပစ်ခံခဲ့ရတာ။” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးကပြောကြားထားပါတယ်။
