ယနေ့ စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ပထမအကြိမ်ကြေညာမယ့် မဲစာရင်းများ တစ်အိမ်တစ်ယောက် လာရောက်ကြည့်ရှု ပြင်ဆင်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က မေတ္တာရပ်ခံထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ၃၀ – ၉ – ၂၀၂၅ ရက်နေ့မှ ၁၃ – ၁၀ – ၂၀၂၅ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲခွဲရုံးများနဲ့ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှာ ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမှာဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နဲ့ကျေးရွာအုပ်စုများမှာ ကပ်ထားကြေညာနိုင်ခြင်း မရှိပါက သက်ဆိုင်ရာမြိုနယ် ကော်မရှင်အဖွဲခွဲရုံးများမှာ မဲစာရင်းကြည့်ရှုနိုင်ရေးဆောင်ရွက်ထားမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်း လာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်း ရရှိနိုင်မှာဖြစ်ပါတယ်။
