ပြီးခဲ့သည့် ဇူလိုင်လအတွင်းက နယ်စပ်စစ်ပွဲ ဆင်နွှဲခဲ့ကြသည့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အကြား ယနေ့ မွန်းတည့်ချိန်က တစ်ကျော့ပြန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်စလုံးက ပစ်ခတ်မှုစတင်လုပ်ဆောင်မှုကို ဝန်မခံဘဲ အပြန်အလှန် အပြစ်ဖို့နေကြသည်။ထိုင်း-ကမ္ဘောဒီးယားနယ်စပ်၊ ဥဘုန် ရတ်ချဌာနီ ပြည်နယ်၊ ချောင်အန်းမားဒေသတွင် ကမ္ဘောဒီးယားတပ်ဖွဲ့များက လက်နက်ငယ်များနှင့် လက်ပစ်ဗုံးပစ်လောင်ချာများဖြင့် ထိုင်းပိုင်နက်အတွင်း ပစ်ခတ်ခဲ့ပြီးနောက် နယ်စပ်ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ကြောင်း ထိုင်းဘုရင့်တပ်မတော်က ထုတ်ပြန်ကြေညာခဲ့သည်။
ထိုင်းတပ်ဖွဲ့ဝင်များက လုပ်ထုံးလုပ်နည်းအတိုင်း တုံ့ပြန်ခဲ့ကြောင်းလည်း ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဝင်းထိုင်း ဆူဗာရီက ပြောကြားခဲ့သည်။ ပစ်ခတ်မှုသည် နေ့လယ် ၁၂ နာရီမှ ၁၂ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ကြောင်း၊ ကမ္ဘောဒီးယားတပ်ဖွဲ့များက ချောင်အန်းမား အနီးတစ်ဝိုက်ရှိ ထိုင်းပိုင်နက်အတွင်း လက်နက်ငယ်များနှင့် လက်ပစ်ဗုံးပစ်လောင်ချာများ အသုံးပြုပစ်ခတ်နေသည်ကို စစ်ဆေးတွေ့ရှိကြောင်း အမှတ် (၂) စစ်ဒေသထံမှ သတင်းပို့ချက်များကို ထိုင်းစစ်တပ်က လက်ခံရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။လက်ရှိတွင် ကမ္ဘောဒီးယားကို တုံ့ပြန်ရန် ဆူရာနာရီတပ်ဖွဲ့က အသင့်ပြင်ဆင်ထားပြီး အခြေအနေအရ တုံ့ပြန်ပစ်ခတ်မှုများ ပြုလုပ်ရန် ပစ်မိန့် ထုတ်ပြန်ထားသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်စစ်ပွဲများသည် ယခု ကမ္ဘောဒီးယားပိုင်ဆိုင်သည်ဟု ICJ က ဆုံးဖြတ်ပေးထားသော ပရဗီဟာ ဟိန္ဒူဘုရားကျောင်းပိုင်ဆိုင်မှု အငြင်းပွားမှုမှ စတင်ခဲ့ကာ ၂၀၀၈၊ ၂၀၀၉ နှင့် ၂၀၁၁ တို့တွင် စစ်ပွဲများဖြစ်ပွားခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ICJ က ထိုဘုရားကျောင်းကို ကမ္ဘောဒီးယားပိုင်ဆိုင်ကြောင်း အတည်ပြုပေးထားသော်လည်း ထိုင်းဘက်က လက်မခံဘဲ ဆက်လက် ကျူးကျော်မှုများကြောင့် ယခုနှစ် ဖေဖော်ဝါရီ၊ မေလတို့တွင် နှစ်နိုင်ငံတင်းမာမှု၊ ကမ္ဘောဒီးယားစစ်သားတစ်ဦးသေဆုံးမှုတို့ကြောင့် ဇူလိုင် ၂၄ ရက်မှ စတင်ကာ နယ်စပ်စစ်ပွဲဖြစ်ပွားပြီး ခန့်မှန်း လူ ၄၀ အထက် သေဆုံးခဲ့သလို အရပ်သား သုံးသိန်းအထက် စစ်ရှောင်ခဲ့ရပြီးနောက် မလေးရှားနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ပွဲရပ်ဆိုင်းခဲ့ကာ အာဆီယံက စစ်ဘက်ရေးရာ ယာယီလေ့လာရေးအဖွဲ့များဖြင့် ဖြစ်စဥ်လေ့လာ အကဲဖြတ် စောင့်ကြည့်နေစဥ် ယနေ့တွင် တစ်ကျော့ပြန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
crd
