ရွေးကောက်ပွဲကို အထူးအလေးထား ကြိုဆိုထောက်ခံကြောင်းနှင့် ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေ၊ ဆော့လော်နှင့် ဝိုင်းမော်မြို့နယ်တို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကချင်ပြည်နယ်အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်က စက်တင်ဘာ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရေး နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များအား ကချင်ပြည်နယ်အထူးဒေသ(၁)၊ ထာဝရ ငြိမ်းချမ်းရေးအဖွဲ့ချုပ်၊ ဥက္ကဌကြီး သီရီပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ထာဝရငြိမ်းချမ်းရေးဒေသ ဦးဆောင်ကော်မတီမှ အထူးအလေးအနက်ထား ကြိုဆိုထောက်ခံအပ်ပါသည်ဟု ဖော်ပြထားသည်။
ထို့အပြင် ပြည်တွင်းမတည်ငြိမ်မှု ပဋိပက္ခများတွင် ပါဝင်လျက်ရှိကြသော လက်နက်ကိုင်အဖွဲ့ အသီးသီး၊ အဖွဲ့အစည်းအသီးသီးတို့သည် တိုက်ပွဲဖော်ဆောင်နေမှုများ အားလုံးရပ်တန့်ပြီး နိုင်ငံတော်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံတော်တစ်ဝန်း ငြိမ်းချမ်းမှုရရှိစေကာ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှ ပြည်သူလူထု ရွေးကောက် တင်မြှောက်သည့် ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက်လာပြီး တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရရှိမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါသည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။
