AA အကြမ်းဖက်အဖွဲ့ရဲ့ မူးယစ်ဆေးဝါးအများအပြားဖမ်းဆီးရမိခဲ့

AA အကြမ်းဖက်အဖွဲ့ဝင်များ အပါအဝင် မူးယစ်တရားခံ ၁၆ ဦးအား ကျပ် ၁၇၀ ဘီလီယံကျော်တန်ဖိုးရှိ မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်၊ အမှတ်(၄)လမ်းမကြီးရှိ အမှတ်၊ ၇(က)/၂ ဂိုဒေါင်အား ဝင်ရောက်ရှာဖွေခဲ့ရာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နေ AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေး ဒုတိယတာဝန်ခံအဆင့်ရှိ မူးယစ်ဆေးဝါးတရားခံ ထွန်းထွန်းနိုင် နှင့် AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေးအဖွဲ့ဝင် အေးသန်းထွန်း တို့အပါအဝင် မူးယစ်ဆေးဝါး တရားခံများဖြစ်သည့် အားလျံ (ခ)ဝမ်ရှင်းလျံ၊ ထွန်းထွန်းနိုင်(ခ)အယ်လ်တီ၊ အေးမြင့်နှင့် လင်းမင်းထက် တို့ ၆ ဦးအား ICE ၁,၈၄၀ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၄၀ ပြား၊ ဘိန်းဖြူအမှုန့် ၁၄ ကီလိုဂရမ်၊ Mitsubishi Canter (အဖြူရောင်)ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့‌ကြောင်း သိရသည်။

ထွန်းထွန်းနိုင်၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၅ ရက် ညနေပိုင်းတွင် ရွှေပေါက္ကံမြို့သစ်၊ အမှတ်(၂၂) ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ခြံဝန်းအတွင်း၌ တရားခံ ဇော်ဦး(ခ)ရာဂျူးနှင့် ရဲလင်းအောင်(ခ)ဂျိုးဇက် တို့အား ICE ၁,၅၀၀ ကီလိုဂရမ်၊ Mark II(ခဲရောင်)ယာဉ် ၁ စီး၊ I-Zone Express(ခဲရောင်)ယာဉ် ၁ စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး၊ ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များအရ စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် ရွှေပြည်သာမြို့ နယ်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)လမ်းမကြီးပေါ်ရှိ Denko ဆီဆိုင်အနီးတွင် တရားခံ အောင်ခိုင်မိုး နှင့် ရဲကိုခိုင် တို့ ၂ ဦးအား Toyoace(အပြာရောင်)ယာဉ်ပေါ်တွင် တင်ဆောင်ထားသည့် ICE ၁,၁၀၀ ကီလိုဂရမ်၊ ကတ်တမင်း ၁,၁၀၀ ကီလိုဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့‌ကြောင်း သိရသည်။

ထို့ပြင် မူးယစ် ဆေးဝါးများ သယ်ဆောင်ရာတွင် ရှေ့ပြေးအဖြစ်လိုက်ပါလာသည့် AA သောင်းကျန်းသူအဖွဲ့ ထောက်ပံ့ရေးအဖွဲ့ ဝင် ဝင်းနိုင်ဆန်း၊ ရေကြောင်းမှ သယ်ဆောင်နိုင်ရန် စက်လှေရှာဖွေပေးမည့်သူ တရားခံ ဇော်မျိုး၊ မောင်မောင်စိုး တို့အား Toyota Probox(အဖြူရောင်)ယာဉ် ၁ စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး၊ ဝင်းနိုင်ဆန်း ၏ထွက်ဆိုချက်အရ စက်တင်ဘာလ ၇ ရက် ညနေပိုင်းတွင် မူးယစ်ဆေးဝါးများကို မလေးရှားနိုင်ငံသို့ပို့ဆောင်ရာတွင် စက်လှေရှာဖွေပေးသူ မျိုးမင်းထိုက်(ခ) နိုအာလမ်အား ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်(၁၀)မြောက်ရပ်ကွက်တွင် လည်းကောင်း၊ မူးယစ်ဆေးဝါးတင်ဆောင်မည့် စက်လှေများအား စောင့်ကြည့်ပေးသည့် စိုးမင်းအောင် နှင့် မင်းတင်ထက် တို့အား ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ CENTRAL ဟိုတယ်၊ အခန်း အမှတ်(၄၁၀)တွင်လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့‌ကြောင်း သိရသည်။

ဖြစ်စဉ်တွင် မူးယစ်ဆေးဝါးတရားခံ ၁၆ ဦးတို့အား ICE ၄,၄၄၀ ကီလိုဂရမ်၊ ကတ်တမင်း ၁,၁၀၀ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြားသိန်း ၄၀ ပြား၊ ဘိန်းဖြူအမှုန့် ၁၄ ကီလိုဂရမ် (မူးယစ်ဆေးဝါးကာလတန်ဖိုးငွေကျပ် ၁၇၀ ဒသမ ၄၉ ဘီလီယံခန့်)နှင့်မော်တော်ယာဉ် ၅ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့‌ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံ AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေး ဒုတိယတာဝန်ခံအဆင့်ရှိထွန်းထွန်းနိုင်၏ ထွက်ဆိုချက်အရ AA သောင်းကျန်းသူအဖွဲ့ အနေဖြင့် ၎င်းတို့အဖွဲ့ ရပ်တည်နိုင်ရေးနှင့် လက်နက်၊ ခဲယမ်းများဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် လိုအပ်သောငွေကြေးများရရှိနိုင်ရန် အနာဂတ် မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်တစ်ခုလုံးအား အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို ကျယ်ပြန့်စွာလုပ်ကိုင်လျက်ရှိကြောင်း၊ ယခု ၎င်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကိုလည်း AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေးတာဝန်ခံအဆင့်ရှိ ဖမ်းဆီးရန်ကျန် တရားခံ မင်းမြတ်ကျော်(ခ)သာဓု ၏ စေခိုင်းမှုဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီး မြို့နယ်၊ ဝမ်ဟိုင်းကျေးရွာနေ ဖမ်းဆီးရန်ကျန် တရားခံ ရန်ကုလား ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသို့ ပို့ဆောင်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

CRD/people media

Leave a Reply

Your email address will not be published. Required fields are marked *