KNU နှင့် PDF အကြမ်းဖက်သမားများက ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာလမ်းဆုံနေရာ၌ ခရီးသည်တင်မော်တော်ယာဉ်တစ်စီးကို Drop Bomb ချ တိုက်ခိုက်ခဲ့သဖြင့် ယာဉ်မောင်းအပါအဝင် ခရီးသည် အရပ်သား ၁၁ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဥ်သည် စက်တင်ဘာ ၂ ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းပြီး အဆိုပါ အကြမ်းဖက်သမား၏ Drone အသုံးပြု၍ တိုက်ခိုက်လိုက်သော Drop Bomb မှာ ယာဉ်မောင်း ဦးလှရွှေ ၅၂ နှစ်၊ မောင်းနှင်သည့် Super Custom အမျိုးအစား အဖြူရောင်ခရီးသည်တင် မော်တော်ယာဉ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါ Drop Bomb ပေါက်ကွဲမှုကြောင့် ယာဉ်မောင်း ဦးလှရွှေ အပါအဝင် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၁ ဦးတို့တွင် ဗုံးစထိမှန်ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် တာဝန်ရှိသူများက ကျိုက်မရောမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ လိုအပ်သောဆေးဝါးကုသမှုများ ခံယူစေလျက်ရှိကြောင်း သိရသည်။




