နစကဥက္ကဋ္ဌ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်နိုင်ငံသို့ ထွက်ခွာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ဘယ်လာရုစ်သမ္မတရဲ့ ဖိတ်ကြားချက်အရ စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025)ကို တက်ရောက်ဖို့ ဇွန် ၂၅ ရက်၊ မနက် ၁၀ နာရီလောက်က အထူးလေယာဉ်နဲ့ နေပြည်တော်တပ်မတော်လေဆိပ်ကနေ ထွက်ခွာသွားပါတယ်။

အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီ တွဲဖက်အတွင်း ရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာ ကံဇော်နဲ့ ဒုတိယဝန်ကြီးတွေ၊ စစ်ဘက်နယ်ဘက်က အဆင့်မြင့်အရာရှိကြီးတွေ လိုက်ပါသွားကြပါတယ်။

ဘယ်လာရုစ်ခရီးစဉ်အတွင်း ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့မှာ ကျင်းပပြုလုပ်မယ့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025)ကို တက်ရောက်မှာဖြစ်ပြီး Eurasian (ယူရေ့ရှန်) Economic Union (EAEU) ရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုနဲ့လည်း သီးခြားတွေ့ဆုံ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

အဲဒီအပြင် ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ ဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးတာ၊ စက်ရုံအလုပ်ရုံတွေကို သွားရောက် လေ့လာတာ၊ ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူတွေအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စတွေနဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေ၊ EAEU အဖွဲ့ဝင်နိုင်ငံတွေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စတွေကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

အဲဒီအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ဘယ်လာရုစ်သမ္မတနိုင်ငံက တစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ် အကြီးအကဲရဲ့ ဖိတ်ကြားချက်အရ ဘူရားတီးရား ပြည်နယ်ကို သွားရောက်မှာဖြစ်ပြီး အထင်ကရနေရာတွေနဲ့ စက်ရုံအလုပ်ရုံတွေကို သွားရောက်လေ့လာ သွားမယ်လို့လည်း သိရပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်တဲ့မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး ၊ ကောင်စီအဖွဲ့ဝင်တွေ ၊ ပြည်ထောင်စုဝန်ကြီးတွေ ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက အဆင့်မြင့်တပ်မတော်အရာရှိကြီးတွေ နဲ့ မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံး ၊ စစ်သံရုံးတို့က တာဝန်ရှိသူတွေ လေဆိပ်မှာပို့ဆောင်နှုတ်ဆက်ကြပါတယ်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့မှာ ကျင်းပတဲ့ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့သလို ဘယ်လာရုစ်သမ္မတနဲ့လည်း သီးခြားတွေ့ဆုံပြီး နှစ်နိုင်ငံ လုံခြုံရေးနဲ့ စီးပွားရေး ကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ပါတယ်။ အဲဒီခရီးစဉ်တုန်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဘယ်လာရုစ်သမ္မတကို အဂ္ဂမဟာသရေစည်သူဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရတယ်။

Leave a Reply

Your email address will not be published. Required fields are marked *