ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ တပ်မတော်ထိန်းချုပ်ထားသည့် ဖားကန့်နှင့် လုံးခင်းအနီးအနားရှိ ကျောက်လုပ်ကွက်များအတွင်း၌ ရေမဆေးသမားများအား လွတ်လပ်စွာ ဝင်ရောက်ရှာဖွေခွင့်ပြုထားကြောင်း ဒေသခံများက ပြောကြားသည်။
ဖားကန့်မြို့နယ်အတွင်းသို့ တပ်မတော်က မေလ ဒုတိယအပတ်တွင် စတင်ထိုးစစ်ဝင်ရောက်ပြီးနောက် အဆိုပါလုပ်ကွက်များတွင် ရှေးကနည်းလမ်းများနှင့် မတူဘဲ ရေမဆေးသမားများအား တားမြစ်မှုမရှိဘဲ ကျောက်ရှာဖွေရန်ခွင့်ပြုထားသည်ဟု ကျောက်ရှာဖွေသူတစ်ဦးက ဖော်ပြသည်။
” အရင်က KIA ထိန်းချုပ်ထားစဉ်က လုပ်ကွက်တာဝန်ရှိသူတွေက ပိုင်ရာဆိုင်ရာတွေနဲ့ တူးတာကြောင့် ဆိုပြီး ရေမဆေးသမားတွေကို အနိုင်ကျင့်ကာ ကျောက်ရှာဖွေခွင့်မပေးတာတွေ၊ နောက်ပြီး ရှာခွင့်ပေးထာတဲ့ အချို့ လုပ်ကွက်တွေမှာဆိုရင်လဲ ကျောက်တွေ့ရင် သူတို့ပဲ ဈေးနှိမ်ပြီး ပြန်ဝယ်တာတွေ လုပ်ကြတယ်၊ အခုချိန်မှာတော့ လုပ်ကွက်တွေအားလုံးမှာ ကျောက်ရှာဖွေခွင့်တွေရပြီး လွတ်လွတ်လပ်လပ် ကျောက်ရောင်းဝယ်တာတွေလုပ်ခွင့်ရတယ်” ဟု ၎င်းကပြောသည်။
ယခင်က KIA ထိန်းချုပ်ထားစဉ်ကာလအတွင်း အချို့လုပ်ကွက်များတွင် သတ်မှတ်နေရာများတွင်သာ ရှာဖွေရန်ခွင့်ပြုခြင်း၊ ဆိုင်ကယ်ရပ်နားခွင့်အခွန်များကိုတိုးမြှင့်ကောက်ခံခြင်းနှင့် ရရှိသောကျောက်ကို နယ်မြေအာဏာရှိသူများကိုသာ ပြန်ရောင်းရန် တင်းကြပ်အမိန့်များရှိခဲ့သည်ဟု ရေမဆေးသမားတစ်ဦးကလည်း ထပ်မံဖော်ပြသည်။
လက်ရှိအချိန်တွင်လည်း ဖားကန့်မြို့နယ်အတွင်း တပ်မတော်ထိန်းချုပ်မှု များပြုလုပ်လျက်ရှိပြီး ဇွန်လအစပိုင်းမှ စတင်ကာ မှော်ကုဋေဘက်အရပ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
Crd:အလင်္ကာ
