အငြိမ်းစားသံအမတ်ကြီး ဦးချိုထွန်းအောင်နှင့် ဥပဒေအကြံပေး ဦးမင်းတေဇာညွန့်တင်ကို လုပ်ကြံသတ်ဖြတ်ခြင်း အပါအဝင် အခြားသော အကြမ်းဖက်သတ်ဖြတ်ခြင်းများကို ဆောင်ရွက်ခဲ့သည့် Golden Valley Warrior အဖွဲ့မှ ကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ ရွှေနှင်းဆီ လမ်းနှင့် ဝိဇ္ဇာလမ်း ထောင့်နေ သံအမတ်ကြီး(ငြိမ်း) ဦးချိုထွန်းအောင်သည် နေအိမ်ရှေ့တွင် မြေးဖြစ်သူနှင့်အတူ လမ်းလျှောက်နေစဉ် (စိစစ်ဆဲ)ကျား ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးချိုထွန်းအောင် သေဆုံးခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ပြစ်မှုကျူးလွန် သည့်တရားခံများ ရှာဖွေတွေ့ရှိရေး စုံစမ်းဖော်ထုတ်ခဲ့ရာ ပြည်သူလူထု၏ ပူးပေါင်းပါဝင်သတင်းပေးမှုကြောင့် ဖြစ်စဉ်ဖြစ်ပွားသည့်နေ့တွင် အကြမ်းဖက်အဖွဲ့များ အသုံးပြုခဲ့သည့် စက်ဘီးအား သုံးဘီးယာဉ် ၁ စီးပေါ်တွင် တင်ဆောင်သွားသည်ကိုတွေ့ ရှိခဲ့ကြောင်း သိရှိရ သဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ မေလ ၂၃ ရက်နေ့တွင် အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် သုံးဘီးယာဉ်မောင်းနှင်သူ စန်းထက်အောင်(ခ)ပဲခူးသား(၄၀)နှစ်အား မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ ခိုင်ရွှေဝါ(၃)လမ်း၊ အမှတ်(၂၄၈)ရှိနေအိမ်၌ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြု ခဲ့သည့် စက်ဘီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။ ထို့အပြင် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရာတွင် ထောက်ပို့အဖြစ်ဆောင်ရွက်ခဲ့သည့် ဝင်းသူ(ခ)ကုလားလေး(၃၉)နှစ်အား မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ စိန်ချယ်လမ်းတို၊ အမှတ်(၂၃၃)ရှိ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစက ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မေလ ၂၅ ရက်နေ့တွင် ဦးချိုထွန်းအောင် အား လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ မျိုးကိုကို(ခ)စိုင်းကိုကို(ခ) ဇင်မင်းထက်(ခ)လင်းလက်ဇော်(၂၈)နှစ်၊ ၎င်း၏ဇနီးဖြစ်သူ ပြုံးပြုံး(၂၄)နှစ်၊ သမီးဖြစ်သူ လင်းလက်ရွှေ (၆)နှစ်တို့အား ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းတွင် လည်းကောင်း၊ ၎င်းတို့အား လိုက်ပါပို့ဆောင် ပေးခဲ့သည့် ယာဉ်မောင်း အောင်ဆန်းဟိန်း(၂၅)နှစ်နှင့် ချိတ်ဆက် ဆောင်ရွက်ပေးသူ ညီညီလှိုင်(၃၉)နှစ် တို့အား မွန်ပြည်နယ်၊ မုဒုံမြို့တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးရမိတရားခံ မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်၏ ထွက်ဆိုချက်အရ ဦးချိုထွန်းအောင် လုပ်ကြံသတ်ဖြတ်ရာတွင်ပါဝင်ခဲ့သည့် ဖမ်းဆီးရန်ကျန် တရားခံ ချစ်ကိုကို (ခ)ကျော်ကြီး ၏ မိသားစုဝင်များသည် မြဝတီမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရန် လုပ်ဆောင် နေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ မေလ ၂၆ ရက်နေ့တွင် ချစ်ကိုကို (ခ)ကျော်ကြီး ၏ဇနီး မြင့်မြင့်ထွေး(၃၉)နှစ်၊ အောင်ကိုကိုချစ်(၁၈)နှစ်၊ ဇင်မောင်မောင်(ခ) အာနိုး(၂၇)နှစ်နှင့် ထွက်ပြေးတိမ်းရှောင်ရာတွင် ကူညီဆောင်ရွက်ပေးခဲ့သည့် ဖြိုးဝေအောင်(ခ) အရှည်ကြီး(၄၀)နှစ်တို့အား ပဲခူးမြို့အဝင် စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ဖမ်းဆီးရမိတရားခံများ၏ထွက်ဆိုချက်အရ မေလ ၂၉ ရက်တွင် ဦးချိုထွန်းအောင် အား လုပ်ကြံသတ်ဖြတ်မှု အပါအဝင် ၎င်းတို့အကြမ်းဖက်အဖွဲ့ဆောင်ရွက်ခဲ့သော လုပ်ကြံသတ်ဖြတ်မှုများ၌ Scout ကြည့်ရှုပေးခဲ့သည့် တရားခံ မင်းစည်သူ(ခ)အငယ်လေး (၂၉)နှစ်နှင့် ကျော်ဇင်သန့်(ခ)လွင်ကြီး(ခ) ကျော်ဇင်(၃၃)နှစ်တို့အား ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ဈေးကလေးလမ်း၊ အမှတ်(၁၇၇)ရှိနေအိမ်၌လည်းကောင်း၊ တရားခံ ဟန်လင်းအောင် (၂၈)နှစ်၊ ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်၊ သိန္နီလမ်း၊ အမှတ်(၃၂)နေသူအားလည်းကောင်း အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ထို့ပြင် ဖမ်းဆီးရမိတရားခံ မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်၏ ထွက်ဆိုချက်အရ ၎င်းသည် ဦးချိုထွန်းအောင် အား လုပ်ကြံသတ်ဖြတ်စဉ် သေနတ်ကျည်ပေါက်ထွက်၍ ဘယ်ဘက်ခြေထောက် ဒဏ်ရာရရှိခဲ့ပြီး အဆိုပါဒဏ်ရာအား သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်၊ မြင်တော်သာလမ်း၊ အမှတ်(၅၂၄)ရှိ “လင်း” အထူးကုဆေးရုံ၌ လျှို့ဝှက်စွာ ဆေးကုသခဲ့ ကြောင်း သိရှိရသဖြင့် မေလ ၂၆ ရက်နေ့ ညနေပိုင်းတွင် တရားမဝင်ဆေးကုသပေးခဲ့သော DCS ဆရာဝန် ဇော်ကိုကို(၃၈)နှစ်နှင့် DCS ဆရာဝန်များဖြင့် စုစည်းဖွင့်လှစ်ထားသည့် “လင်း”အထူးကုဆေးရုံပိုင်ရှင် ဒေါက်တာ ရဲလင်းစိုး (၃၆)နှစ်တို့အား ဖမ်းဆီးရမိခဲ့ရာ ဖြစ်စဉ်တွင် တရားခံ ကျား ၁၃ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၁၆ ဦးတို့ကို လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ မတ်လတွင် Golden Valley Warrior အမည်ခံအကြမ်းဖက်အဖွဲ့အား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG မှ တရားခံပြေး ရည်မွန် ၏ စီစဉ်ထောက်ပံ့ပေးမှုဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ Golden Valley Warrior အမည်ခံ အကြမ်းဖက်အဖွဲ့တွင် ဖမ်းဆီးရန်ကျန်တရားခံ ကိုထက် ခေါင်းဆောင်၍ အင်အား ၈ ဦးရှိပြီး ရန်ကုန်မြို့၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်ရန်နှင့် ၎င်းတို့ မကျေနပ်သည့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မေလ ၁၅ ရက်တွင် Golden Valley Warrior အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဖမ်းဆီးရန်ကျန်တရားခံ ကိုထက် သည် Telegram မှတစ်ဆင့် ဦးချိုထွန်းအောင်၏ ဓာတ်ပုံနှင့် နေအိမ်တည်နေရာ Google Map တို့အား ပေးပို့ခဲ့ပြီး လုပ်ကြံသတ်ဖြတ်ရန် စေခိုင်းခဲ့ကြောင်း၊ ဖမ်းဆီးရမိ တရားခံများဖြစ်သည့် မျိုးကိုကို(ခ)စိုင်းကိုကို (ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်၊ မင်းစည်သူ(ခ) အငယ်လေး၊ ကျော်ဇင်သန့်(ခ)လွင်ကြီး(ခ) ကျော်ဇင်နှင့် ဖမ်းဆီးရန်ကျန် တရားခံ ချစ်ကိုကို(ခ)ကျော်ကြီး တို့သည် ဦးချိုထွန်းအောင်၏ နေအိမ် ဝန်းကျင်သို့ (၆)ကြိမ်သွားရောက်၍ အခြေအနေကြည့်ခဲ့ကြောင်း၊ မေလ ၂၁ ရက်တွင် ဖမ်းဆီးရန် ကျန်တရားခံ ကိုထက် မှ မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော် ထံသို့ ပစ္စတို ၂ လက်အား ပေးပို့ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။မေလ ၂၂ ရက်တွင် မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်နှင့် ဖမ်းဆီးရန်ကျန် တရားခံ ချစ်ကိုကို(ခ)ကျော်ကြီး တို့သည် ကိုထက် မှ ငှားရမ်းပေးထားသည့် ရွှေပေါက်ကံမြို့သစ်၊ (၂၂)ရပ်ကွက်၊ သပြေခြံမြို့ပတ်လမ်း၊ အမှတ်(ရ/၁၀၃/၁၀၄)ရှိ Safe House မှ စက်ဘီးဖြင့်ထွက်ခွာခဲ့ကြောင်း၊ ဦးချိုထွန်းအောင်၏ နေအိမ်ရှေ့အရောက်တွင် လမ်းလျှောက်နေသော ဦးချိုထွန်းအောင် အား မျိုးကိုကို(ခ)စိုင်းကိုကို (ခ) ဇင်မင်းထက်(ခ)လင်းလက်ဇော် မှ အသင့်ယူဆောင် လာသည့် ပစ္စတိုဖြင့် ၄ ချက် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ ကြောင်း၊ ထိုသို့ပစ်ခတ်စဉ် ပစ္စတိုကျည်ညှပ် သဖြင့် ရှင်းလင်းစဉ် ကျည်ပေါက်ထွက်၍ ၎င်း၏ဘယ်ခြေထောက်အား ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းနောက် စက်ဘီးဖြင့် ရွှေပေါက်ကံမြို့သစ်ရှိ Safe House သို့ပြန်လာခဲ့ပြီး စက်ဘီးနှင့် လုပ်ကြံ သတ်ဖြတ်စဉ် ဝတ်ဆင်ခဲ့သည့် အဝတ်အစားများအား စန်းထက်အောင်(ခ)ပဲခူးသားနှင့် ဝင်းသူ(ခ) ကုလားလေး တို့အား ဝှက်ထားခိုင်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု ရေးသားထားသည်။
ဖမ်းဆီးရမိတရားခံ မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော် ၏ ထွက်ဆိုချက်အရ ၎င်းသည် ရရှိခဲ့သည့်ဒဏ်ရာအား ဆေးကုသရန်အတွက် ဖမ်းဆီးရန်ကျန်တရားခံ အောင်သူ မှ ကြိုတင်ချိတ်ဆက်ပေးထား သည့် “လင်း”အထူးကုဆေးရုံရှိ DCS ဆရာဝန် ဇော်ကိုကို ထံသို့ သွားရောက်၍ လျှို့ဝှက်စွာ ဆေးကုသမှုခံယူ ခဲ့ကြောင်း၊ ၎င်းနောက် မိသားစုနှင့်အတူ ပခုက္ကူမြို့နယ်ဘက်၌ တိမ်းရှောင်ရန်သွားရောက်စဉ် ပုဂံမြို့ဟောင်း၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်ဟု ရေးသားထားသည်။ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG မှ တရားခံပြေး ရည်မွန် ၏စေခိုင်းမှုဖြင့် Golden Valley Warrior အမည်ခံအကြမ်းဖက်အဖွဲ့သည် လုပ်ကြံသတ်ဖြတ်မှု(၄)ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရကာ အမှုများမှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက် (ခ)လင်းလက်ဇော် သည် သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေး လမ်းနေ ဥပဒေအတိုင်ပင်ခံ ဦးမင်းတေဇာညွန့်တင် အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံ ချစ်ကိုကို(ခ)ကျော်ကြီး တို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့တွင် မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက် (ခ)လင်းလက်ဇော်နှင့် ချစ်ကိုကို(ခ)ကျော်ကြီး တို့သည် ရွှေပြည်သာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ပန်းခြံ(၄)လမ်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား ပစ္စတိုဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ဟန်လင်းအောင်မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက် (ခ)လင်းလက်ဇော်သည် သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ် ရပ်ကွက်၊ ငမိုးရိပ်(၃) လမ်းနေ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသန်းထွန်းအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး မင်းစည်သူ(ခ)အငယ်လေးနှင့် ကျော်ဇင်သန့်(ခ) လွင်ကြီး(ခ)ကျော်ဇင်တို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် မျိုးကိုကို(ခ)စိုင်းကိုကို(ခ) ဇင်မင်းထက် (ခ)လင်းလက်ဇော် သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၁) ရပ်ကွက်၊ အောင်မင်္ဂလာကျောင်း အနီးတွင် မစဖအဖွဲ့ဝင်(၂)ဖြစ်သူ ဦးရွှေမန်း အား ပစ္စတိုဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ရာ ယာဉ်မောင်းဖြစ်သူ ဦးသန့်ဇင် တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျော်ဇင်သန့်(ခ)လွင်ကြီး(ခ)ကျော်ဇင် မှ အခြေအနေ စောင့်ကြည့် ပေးခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ Golden Valley Warrior အကြမ်းဖက်အဖွဲ့ သည် ရန်ကုန်မြို့အတွင်း၌ အပြစ်မဲ့ပြည်သူများအား ဒလန်အဖြစ်စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ ကြောင်း၊ ထိုသို့လုပ်ကြံသတ်ဖြတ်ခြင်းများ အတွက် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG က (၁)ကြိမ်လျှင် ၂ သိန်းကျပ် NUG Pay မှ တစ်ဆင့်ပေးခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်ဟု ရေးသားထားသည်။
ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံး က ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေး အတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံကြောင်းလည်း ဖော်ပြထားသည်။

