ရခိုင့်နိုင်ငံအိပ်မက် ၊ လူသားချင်းစာနာမှု စင်္ကြန်နဲ့ ဘင်္ဂလားဒေ့ချ်

(၃၀-၅-၂၀၂၅)

AA နဲ့ အဆက်အသွယ်လုပ်နေတဲ့အပေါ် ဘင်္ဂလားဒေ့ချ်နိုင်ငံကို နစကရဲ့ ကန့်ကွက်မှုကြောင့် ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ချ်သံအမတ်တွေကို မနေ့က ပြန်ခေါ်သွားတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိ ဘင်္ဂလားဒေ့ချ်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်ရဲ့ ရခိုင်ဒေသ လူသားချင်းစာနာမှု အထောက်အကူပေးရေး စင်္ကြန်ဆိုတာကို ဆက်လက်အကောင်အထည် ဖော်သွားဖို့အတွက်လို့ တွေးနိုင်ပါတယ်။

ဘင်္ဂလားဒေ့ချ်ကာကွယ်ရေးဦးစီးချုပ်က သွေးစွန်းစင်္ကြန်စီမံကိန်းမို့ လက်မခံပါဘူးလို့ တရားဝင် ထုတ်ပြောထားပေမယ့် လက်ရှိ ဘင်အစိုးရအနေနဲ့ အမေရိကန် တင်မြောက်ထားတဲ့သူတွေပီပီ အမေရိကန်အလိုကျ လိုက်ရတာ မထူးဆန်းပါဘူး။

ဘင်းစတတ်အစည်းအဝေးမှာတောင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေနဲ့ ဘင်စစ်ရှောင် တစ်သန်းကျော်ကို မြန်မာနိုင်ငံပြန်ပို့မယ့် ကိစ္စတွေ ဆွေးနွေးခဲ့ကြပေမယ့် ဒီစင်္ကြန်ဆိုတဲ့ ကိစ္စဝင်လာတဲ့ အချိန်မှာ ဘင်္ဂလားအစိုးရရဲ့ ရပ်တည်ချက်တွေ ပြောင်းလဲသွားတယ်။ နိုင်ငံရေးမှာ အခြားပြည်ပနိုင်ငံရဲ့ အလွှမ်းမိုးခံရတာကို မြင်နိုင်ပါတယ်။

ဒီ လူသားချင်းစာနာမှုစင်္ကြန်ဆိုတာက ရခိုင်ပြည်နယ်အတွင်းကို ဘင်္ဂလားဒေ့ချ်ကနေတစ်ဆင့် အမေရိကန်ရဲ့ အကူအညီအမည်ခံ လူ/ပစ္စည်းတွေ တင်သွင်းနိုင်ဖို့ရည်ရွယ်ပါတယ်။ ဒီစင်္ကြန်ကို AA ကလည်း လက်ခံပြီးအမေရိကန်ရဲ့ အကူအညီနဲ့ ရခိုင်ပြည်နယ်ထဲ ဝင်လာပြီဆိုကြပါစို့၊ ပစ္စည်းတွေ သီးသန့်ပဲ ဝင်လာမှာ မဟုတ်ပါဘူး။ လုံခြုံရေးအကြောင်းပြပြီး ဘင်္ဂလားဒေ့ချ်(သို့) အမေရိကန်ရဲ့ စစ်သားတွေပါ အတူဝင်လာကြမှာပါ။ ပစ္စည်ထောက်ပံ့ချင်ရုံနဲ့ကတော့ AA ဆီ နယ်စပ်မှာ ပုံပေးလိုက်လို့ ရတာပဲ။ ကြီးကြီးကျယ်ကျယ် စင်္ကြန်တွေ ဘာတွေ ပြောနေစရာ မလိုပါဘူး။

ကိုယ့်နိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီကြောင့် ဘယ်နိုင်ငံမှ စစ်အခြေစိုက်စခန်းဖွင့်ခွင့်မရှိတာကို ဒီခေါင်းစဉ်တပ်ပြီး ဝင်ချင်တဲ့ အမေရိကန်ရယ်၊ စစ်ရှောင်ဘင်တွေအတွက် နယ်မြေသစ်ဖန်တီးပေးချင်တဲ့ ဘင်္ဂလားဒေ့ချ် နဲ့ ရခိုင့်နိုင်ငံတော် ဖော်ဆောင်ချင်တဲ့ AA တို့ကတော့ ကိုယ့်စိတ်ကူးနဲ့ ကိုယ် ဟုတ်နေကြတာပဲ။

၂၄ ရက်နေ့မှာ ခိုင်သုခကပြောတယ်။ ကိုလိုနီဘဝကနေ လွတ်မြောက်အောင်လို့တိုက်ခိုက်နေတာပါတဲ့။ ပြည်တွင်းက သူတွေကတော့ နစကလက်အောက်က လွတ်မြောက်အောင်တိုက်ခိုက်နေတယ်ထင်လို့ အားပေးလိုက်ကြရတာ။ ဖယ်ဒရယ် ကနေ ကွန်ဖယ်ဒရိတ်ပြောတာလောက်အထိက တော်ရုံဘာမှ မပြောကြသေးဘူး။ အခုတော့ သူတို့ရဲ့ ရည်မှန်းချက်ကို အတိအလင်းပြောလာခဲ့ပြီ။ ရခိုင့်နိုင်ငံ ပြန်လည်ထူထောင်ဖို့ပါတဲ့ ။ အခု AA တိုက်ပွဲတွေဖော်ဆောင်နေတာ မြန်မာဆိုတဲ့ ခေါင်းစဉ်အောက်က ခွဲထွက်ဖို့ဆိုရင်ရော ကိုယ့်ပြည်သူတွေ လက်ခံကြဦးမှာပဲလား။

ကိုယ့်နိုင်ငံမှာ မှားနေတဲ့အချက်တစ်ခုက အငြိုးအာဃာတ အရမ်းကြီးကြတယ်။ ခုနက မေးခွန်းမျိုးဆိုရင်လည်း နစကကို မုန်းတာနဲ့ ရခိုင်တွေ ခွဲထွက်ချင်လည်း ခွဲပေါ့ ဘာဖြစ်လဲ ဆိုတဲ့ လူတွေ ထွက်လာဦးမှာပါ။ နောက်ဆက်တွဲ ပြဿနာတွေကို မတွေးကြဘူး။ ကိုယ့်မြန်မာဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ခွဲထွက်ချင်နေတာ ရခိုင်တစ်ခုတည်းမဟုတ်ဘူး။ လက်နက်ကိုင်အားလုံးနီးပါးပဲ။ ရခိုင်သာ တရားဝင်ခွဲထွက်ခွင့်ရသွားရင် ကိုးကန့်၊ဝ၊ ကရင်၊ ချင်း၊ ကချင် အားလုံးကရော ငြိမ်နေမယ်ထင်လို့လား။

ခွဲထွက်ကြပြီးသွားကြရင် အားလုံးငြိမ်းချမ်းသွားမယ်လို့ မထင်ပါနဲ့။ အခုတောင် EAO ထိန်းချုပ်နယ်မြေတွေမှာ အချင်းချင်း နယ်မြေလုနေကြတာ။ ဒီထက်ပိုဆိုးလာဖို့ပဲရှိပါတယ်။ တစ်ခြားနိုင်ငံတွေက ကိုယ့်နယ်မြေကို အထိအခိုက်မခံရအောင် နိုင်ငံသားအားလုံး လက်နက်ကိုင်ကြတယ်။ ကိုယ့်နိုင်ငံကတော့ ပဲ့ထွက်ဖို့အရေးကို အားပေးအားမြှောက်ပြုကြတယ်။ သတိပြုနိုင်ကြဖို့ပါ။

(ပိုင်စိုး)

Leave a Reply

Your email address will not be published. Required fields are marked *