မနေ့က ရုရှားနိုင်ငံ ရင်ပြင်နီမှာလုပ်တဲ့ နှစ်(၈၀) အမျိုးသားအောင်ပွဲမှာ နိုင်ငံတကာ တပ်မတော်တွေနဲ့အတူ မြန်မာနိုင်ငံလည်း ပါဝင်စစ်ရေးပြတယ်။
ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင် ၂၈ ဦးအထိ တက်ရောက်တယ်လို့လည်း သိရပါတယ်။ ကမ္ဘာ့နဲ့ဆိုင်တဲ့ ကွန်ဖရင့်တွေ မဟုတ်ပဲနဲ့ နိုင်ငံတစ်နိုင်ငံက လုပ်တဲ့ အခမ်းအနားတစ်ခုကို နိုင်ငံ့ခေါင်းဆောင် ၂၈ ယောက် တက်ရောက်တယ်ဆိုတာ နည်းတဲ့ အရေအတွက်တော့ မဟုတ်ပါဘူး။
အထူးသဖြင့် ပူတင်နဲ့ ရှီကို အခမ်းအနား အစအဆုံး တပူးတွဲတွဲ မြင်လိုက်ရတယ်။ စစ်ရေးပြပွဲတက်တာလား နှစ်နိုင်ငံတွေ့ဆုံပွဲလုပ်တာလားတောင် မသဲကွဲဘူး။ အမေရိကန်ရဲ့ ကုန်သွယ်စစ်ပွဲ၊ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ၊ အီရန်-အစ္စရေး-ပါလက်စတိုင်းအရေးအခင်းတွေမှာ တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်နေသူတွေမို့ ပြောစရာ စကားတွေ အများကြီးရှိနေပုံရပါတယ်။
နစက ဥက္ကဌကတော့ ပွဲမှာ ဘယ်လာရုစ်သမ္မတနဲ့ မွန်ဂိုလီးယားသမ္မတတို့ကို အလွတ်သဘောတွေ့ခဲ့ပြီး ကာဇက်စတန်သမ္မတနဲ့ တရုတ်သမ္မတတို့ကိုတော့ အခမ်းအနားနဲ့ တွေ့ဆုံခဲ့ပါတယ်။
တရုတ်နဲ့ ဒီနှစ်ပိုင်းအတွင်းမှာ တွေ့ဆုံမှုတွေ အများအပြားရှိခဲ့ပေမယ့် သမ္မတရှီကျင့်ဖျင်နဲ့ကတော့ ၂၀၂၀ နောက်ပိုင်း ၅ နှစ်ကြာမှ ပြန်လည်တွေ့ဆုံခြင်းဖြစ်ပါတယ်။ လက်ရှိနိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ရှီနဲ့ဟာ ၂၀၁၁ ခုနှစ်ကတည်းက စတင်တွေ့ဆုံဖူးခဲ့ပြီး အခုတစ်ခေါက်ကတော့ ၇ ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပါတယ်။
သတိထားမိတာက ဘယ်သူနဲ့တွေ့တွေ့ အခုလာမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲကို အသားပေးပြောဆိုခဲ့ပြီး နိုင်ငံတကာ ဘုတ်အဖွဲ့တွေနဲ့ လာရောက်စစ်ဆေးဖို့ ဖိတ်ခေါ်နေတာ၊ ခိုင်မာတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်အောင် ကြိုးပမ်းနေတာတွေ့မိတယ်။
ရှေ့ဆုံးတန်းမှာ မထားပဲ အလယ်တန်းမှာ ထားလို့ ခေတ်သစ်က ဘယ်လိုညာလို ဖွနေတာကိုတော့ မမြင်ချင်ယောင်ပဲဆောင်ထားလိုက်ပါတယ်၊ သူတို့အားပေးတဲ့သူတွေမှ မတက်ရတာ၊ ဒီလောက်တော့ ပြောပါစေပေါ့။
ကမ္ဘာ့သတင်းစာတွေမှာလည်း အာဏာသိမ်းဆိုတဲ့ စကားပျောက်ပြီး မြန်မာ့ခေါင်းဆောင်လို့ ပြောင်းလဲသုံးနှုန်းလာကြတာဟာ အခုလို ရုရှားနဲ့တရုတ်လို ကမ္ဘာ့အဆင့် ၂ နဲ့ ၃ လို့ပြောလို့ရမယ့် အင်အားကြီးနိုင်ငံတွေနဲ့ တရားဝင် တွေ့ဆုံနိုင်မှုတွေကြောင့် ဖြစ်ပါတယ်။
တွေ့ဆုံမှုတွေ၊ ဘင်းစတက်လို အခမ်းအနားတွေကြောင့် နစကရဲ့ တရားဝင်မှုဟာ တဖြည်းဖြည်း ထင်ပေါ်လာခဲ့ပြီး လာမယ့်ရွေးကောက်ပွဲအတွက် အထောက်အကူအများကြီး ဖြစ်လာပါလိမ့်မယ်။
တရုတ်နဲ့ ရုရှား မကြိုက်တဲ့ သူတွေအတွက်လည်း တစ်ခုမှတ်ထားရမှာက မကြိုက်တာက မကြိုက်တာပဲ။ ကမ္ဘာ့အဆင့် Top 3 နိုင်ငံနှစ်ခုက တစ်ချက်မွှေတာနဲ့ ကိုယ့်နိုင်ငံက ပြီးခဲ့တဲ့ ငလျင်ထက် ပိုဆိုးသွားနိုင်တယ်ဆိုတာပဲ။ ၁၀၂၇ ကို သင်ခန်းစာယူရမယ်။ အိန္ဒိယလို နိုင်ငံမျိုးတောင် Proxy ကိုမကျော်လွှားနိုင်ပဲ သူတို့တွေရေးတဲ့ ဇာတ်ညွှန်းကိုလိုက် က နေရတာကို မြင်အောင်ကြည့်နိုင်ရမယ်။
ကိုယ်တွေကတော့ မြန်မာ့အလံကို ရင်ပြင်နီမှာ မြင်ရတာနဲ့တင် ကျေနပ်ပါတယ်။ မြန်မာစစ်သီချင်းကို တိုင်းတပါးရပ်ခြားမှာ ကြားရတာ ဂုဏ်ယူတယ်။
(ပိုင်စိုး)