ပါမောက္ခ(အငြိမ်းစား) ဒေါ်ထွေးထွေးအား သတ်ဖြတ်ခဲ့သူကို ၁ ပတ်အတွင်း ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့ နယ်၊ ရေထွက်ကျေးရွာရှိ မင်္ဂလာရန်ကင်းအိမ်ရာ (အငြိမ်းစားအိမ်ရာ)၊ တိုက်အမှတ်(C-16)၊ အခန်းအမှတ်(၄၀၁)တွင် တစ်ဦးတည်းနေထိုင်သည့် အသက် (၆၆) နှစ်အရွယ် အငြိမ်းစားပါမောက္ခ ဒေါ်ထွေးထွေး ဆိုသူအမျိုးသမီးကို သတ်ဖြတ်ကာ ရွှေထည်ပစ္စည်းများနှင့် ငွေများကို ယူဆောင်သွားသူ တရားခံကို အခင်းဖြစ်ပွားပြီး (၇) ရက်အကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းအရ သိရသည်။

သတ်ဖြတ်ခံရသူ ဒေါ်ထွေးထွေး(၆၆)နှစ်၊ ပါမောက္ခ(အငြိမ်းစား)၏ ရုပ်အလောင်းကို ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာ၊ မြောင်းဘောင်ဘေး၊ လယ်ကွင်းအတွင်းဆောက်လုပ်ထားသည့် လူနေထိုင်ခြင်းမရှိသော တစ်ထပ်တိုက်အတွင်းမှ နဖူးပြတ်ရှဒဏ်ရာဖြင့် သေဆုံးပုပ်ပွနေသည်ကို ဧပြီလ ၂၇ ရက်နေ့ကတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ ပုသိမ်ကြီးမြို့မရဲစခန်း(ပ)၇၈/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုရေးဖွင့်၍ ပြစ်မှုကျူးလွန် သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။

ထိုသို့ ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် တာဝန်ရှိသူများက အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ သေဆုံးသူ ပါမောက္ခ(အငြိမ်းစား) ဒေါ်ထွေးထွေး အသုံးပြုမောင်းနှင်ခဲ့သည့် MDY-15 7G/xxxx Belta အမျိုးအစား ခဲရောင်မော်တော်ယာဉ်အား အခင်းဖြစ်နေရာအနီးမှ သိမ်းဆည်းရရှိခဲ့သလို သေဆုံးသူမှာ အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်းကိုပါ သိရှိခဲ့ရသည်။

ထို့နောက် ပတ်ဝန်းကျင်သက်သေများ၏ ထွက်ဆိုချက်များအရ ဒေါ်ထွေးထွေးမှာ ဧပြီလ ၂၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် နေအိမ်မှ တစ်ဦးတည်း ၎င်းပိုင်မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားသည်ကိုမြင်တွေ့ရကြောင်း၊ ထိုနေ့ နေ့လယ် ၂ နာရီကျော် ခန့်တွင် စိုင်းထွန်းနော်(ခ) ကိုစိုင်း(ခ) ငြိမ်းချမ်းဖြိုး (ခ) ကိုဖြိုးမှ Belta ခဲရောင်မော်တော်ယာဉ် တစ်စီးအား မောင်းပေးရန် ၎င်းနှင့် ခင်မင်ရင်းနှီးသူတစ်ဦးအား အကူအညီတောင်းခံခဲ့ကြောင်း၊ ၎င်းကားနောက်ခန်းအတွင်းမှ မိန်းမစီး ဖိနပ်တစ်ရံအား ရေကန်အတွင်းသို့ လွှင့်ပစ်သည်ကို မြင်တွေ့ရကြောင်း၊ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ဒေါ်ထွေးထွေး၏ နေအိမ်သို့ ၎င်းနှင့်မြေကွက်အရောင်းအဝယ်ပြုလုပ်နေသူ စိုင်းထွန်းနော် (ခ) ကိုစိုင်း(ခ)ငြိမ်းချမ်းဖြိုး (ခ) ကိုဖြိုး ရောက်ရှိလာပြီး နေအိမ်အတွင်း ဝင်သွားသည်ကို မြင်တွေ့ရကြောင်း စုံစမ်းဖော်ထုတ်သိရှိရသဖြင့် စိုင်းထွန်းနော် (ခ) ကိုစိုင်း(ခ) ငြိမ်းချမ်းဖြိုး (ခ) ကိုဖြိုးအား ဖမ်းဆီးစစ်ဆေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၎င်းမှာ မိသားစုများနှင့်အတူ တောင်ကြီးမြို့သို့ ထွက်ခွာသွားကြောင်း ထပ်မံစုံစမ်းသိရှိရသဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ နှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ မေလ ၁ ရက်နေ့ နံနက်ပိုင်းတွင် တရားခံ စိုင်းထွန်းနော်(ခ) ကိုစိုင်း(ခ) ငြိမ်းချမ်းဖြိုး(ခ) ကိုဖြိုး ၂၅ နှစ် (ဘ)ဦးစန်းယုအား ဟဲဟိုးမြို့ရှိတည်းခိုးခန်းတစ်ခု၌ ပါမောက္ခ(အငြိမ်းစား) ဒေါ်ထွေးထွေးအား သတ်ဖြတ်ပြီး ယူဆောင်ခဲ့သည့် မောင်းကွင်းရွှေလက်စွပ် ၁ ကွင်း၊ ကျောက်ပါ ရွှေထည်လက်စွပ် ၅ ကွင်း၊ ရွှေကလစ် ၁ ခု၊ ကျောက်ပါ ရွှေထည်လော့ကတ်သီး ၂ ခု၊ သံကြိုးပုံရွှေဆွဲကြိုး ၁ ကုံး၊ ကျောက်ပါ ရွှေဆွဲကြိုး ၁ ကုံး၊ ကျောက်ပါ ရွှေလက်ကောက် ၁ ကွင်း၊ ရွှေကြယ်သီး ၅ လုံး၊ မြေကွက်အရောင်းအဝယ် စာချုပ်/ စာရွက်စာတမ်း ၃၉ စောင်၊ Wave 110 ဆိုင်ကယ် ၁ စီး၊ မြန်မာငွေစက္ကူရောရာ ၂,၀၂၀,၀၀၀ ကျပ်တို့နှင့်အတူ သိမ်းဆည်းဖမ်းဆီးရမိခဲ့သည်။

တရားခံ စိုင်းထွန်းနော်(ခ) ကိုစိုင်း(ခ) ငြိမ်းချမ်းဖြိုး(ခ) ကိုဖြိုး၏ ထွက်ဆိုချက်အရ ၎င်းနှင့် ပါမောက္ခ(အငြိမ်းစား) ဒေါ်ထွေးထွေးတို့သည် ဧပြီလ ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်က ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာနှင့် နှမ်းကြဲကျေးရွာအကြားရှိ ဒေါ်ထွေးထွေး ပိုင်ဆိုင်သည့် ခြံကွက်အား အရောင်းအဝယ် ပြုလုပ်ရန်ပြသစဉ် အရောင်းအဝယ်မတည့်သဖြင့် စကားများရာမှ ဒေါ်ထွေးထွေးအား လည်ပင်းညှစ်၍ အုတ်နီခဲဖြင့် ဦးခေါင်းအား ၂ ချက် ထုရိုက်ခဲ့ကာ ၎င်းစီးနင်း လာသည့် MDY-15 7G/xxx Belta အမျိုးအစား မော်တော်ယာဉ်အတွင်းမှ ရွှေထည်ပစ္စည်းများနှင့် ငွေကျပ်သိန်း ၅၀ တို့အား ယူဆောင်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖြစ်စဉ်တွင် အငြိမ်းစားပါမောက္ခ ဒေါ်ထွေးထွေးအား သတ်ဖြတ်၍ ၎င်းပိုင်ရွှေထည်ပစ္စည်း များနှင့် ငွေကြေးများအား ယူဆောင်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့သူ စိုင်းထွန်းနော်(ခ) ကိုစိုင်း(ခ) ငြိမ်းချမ်းဖြိုး(ခ) ကိုဖြိုးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ၎င်းအား ဥပဒေနှင့်အညီ ထိရောက်စွာအပြစ်ပေး အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *