ရန်ကုန်မြို့ ၊ လှိုင်မြို့နယ်ထဲက Lotte ဟိုတယ် အဆောက်အအုံပေါ် လာရောက်နားခိုခဲ့တဲ့ အောင်လောင်ငှက် နှစ်ကောင်ရဲ့ ရုပ်သံဖိုင်ဟာ ဒီကနေ့ ဧပြီလ ၁၁ ရက် နံနက်ပိုင်းက လူမှုကွန်ရက်ပေါ် ပျံနှံ့နေပြီး ပြန်လည်မျှဝေသူတွေလည်း များပြားနေပါတယ်။
ဒီငှက်နှစ်ကောင်နဲ့ပတ်သက်လို့ အယူအဆအမျိုးမျိုးနဲ့ အတိတ်နိမိတ်ကောက် ပြောဆိုနေကြတာတွေလည်း အမျိုးမျိုးရှိနေပြီး အဲဒီအထဲမှာမှ တချို့က သဘာဝဘေးအန္တရာယ်တစ်ခုခု ကျရောက်လာမယ့် အတိတ်နိမိတ်ဖြစ်နေမှာကိုလည်း စိုးရိမ်နေကြပါတယ်။
တချို့ကတော့ အဲဒီ အောင်လောင်ငှက်နှစ်ကောင်ဟာ အင်းလျားကန်ဖျားကျောင်းတိုက်မှာ မွေးမြူထားတဲ့ငှက်တွေဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် အဲဒီကျောင်းတိုက်မှ ဆရာတော်တစ်ပါးကတော့
“ဘုန်းကြီးကျောင်းက ကောင်တွေက ကျောင်းမှာပဲရှိတယ်။ အခုတွေ့တဲ့အကောင်တွေက အရိုင်းကောင်တွေ ဘုန်းကြီးကျောင်းလည်း တစ်ခါတလေလာလေ့ရှိတယ်။ ဒီလိုပဲ လှည့်ပတ်ပျံနေတာ သူတို့ကို ဖမ်းပြီး အစာကျွေးဖို့ လုပ်သေးတယ် မရဘူး။ သူတို့က အောင်လောင်ငှက်တွေဖြစ်မယ် အကောင်ကြီးတယ်။ မြကျွန်းသာမှာလည်း အဲ့လိုအကောင်တွေရှိတယ်” ဆိုပြီး မိန့်ကြားထားပါတယ်။
ဒါ့အပြင် ဒီငှက်နှစ်ကောင်နဲ့ပတ်သက်လို့ အောင်လောင်ငှက်၊ အောင်ချင်းငှက်ဆိုပြီးတော့လည်း အငြင်းပွားနေကြတာတွေလည်း ရှိနေပါသေးတယ်။
ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက ငှက်တွေကို ထိန်းသိမ်းစောင့်ရှောက်မှုပြုလုပ်ပေးနေတဲ့ Wild Wings Group ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတာကတော့ ကမ္ဘာပေါ်မှာ Hornbill လို့ခေါ်တဲ့ အောက်ချင်း ငှက်မျိုးစိတ် ၆၂ မျိုးရှိပြီး၊ မြန်မာနိုင်ငံမှာ အောက်ချင်းမျိုးစိတ် ၁၁ မျိုး နေထိုင်ကျက်စားကြောင်းနဲ့ အောက်ချင်းငှက်မျိုးစိတ် အများစုကို တနင်္သာရီဒေသမှာ တွေ့နိုင်ကြောင်း ဖော်ပြထားသလို Hornbill မျိုးစိတ်တွေကို အောက်ချင်း လို့ ခြုံ၍ ခေါ်ကြပြီး၊ Great Hornbill တွေကိုတော့ အောင်လောင်/အောက်ချင်းဟု ခေါ်ဆိုကြောင်း ရေးသားထားပါတယ်။
ဒါ့အပြင် အောက်ချင်းငှက်တွေဟာ အရွယ်အစားကြီးမားတဲ့ ငှက်တွေ ဖြစ်ကြသလို ထူးခြားချက်အနေနဲ့ကတော့ ဦးခေါင်းနှင့် နှုတ်သီးအရင်းမှာပါရှိတဲ့ နှုတ်သီးအမောက်ဖြစ်တယ်လို့သိရပြီး ယခု ရန်ကုန်မှာ တွေ့မြင်ရတဲ့ ငှက်နှစ်ကောင်ကတော့ အောင်လောင်ငှက်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။
crd/mht
