ရုရှားတို့ဟာ ၎င်းတို့နောက်ဆုံးထုတ်လုပ်ထားတဲ့ သင်္ဘောဖျက်ဒုံးပျံအသစ်ကို Zircon လို့ အမည်ပေးထားပါတယ်။
မျက်စိတစ်မှိတ် အချိန်တစ်ခဏလောက်အတွင်းမှာ လိုရာကိုရောက်သွားနိုင်တဲ့ ဒီဟိုက်ပါဆောနစ်ဒုံးပျံဟာ အသံထက် ၉ ဆ မြန်ပြီး တစ်နာရီကို ကီလိုမီတာ ၉၉၀၀ ကျော်နီးပါလောက် အမြန်နှုန်းနဲ့ ပျံသန်းနိုင်
စွမ်းရှိပါတယ်။
အဆိုပါဒုံးပျံဟာ လက်ရှိကမ္ဘာမှာ အမြန်ဆုံး သင်္ဘောဖျက်ဒုံးပျံလို့တောင်ဆိုနိုင်ပြီး ၎င်းရဲ့အမြန်နှုန်းတစ်ခုထဲနဲ့တင်ကို ကြားဖြတ်နှိမ်နှင်းဖို့ခက်ခဲတယ်လို့ ကျွမ်းကျင်ပညာရှင်တွေကဆိုထားပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လမှာ Zircon ဒုံးပျံ၏ စမ်းသပ်မှု ပြီးစီးခဲ့ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က တရားဝင်ပြောကြားခဲ့ပြီး Zircon သည် ပြိုင်ဘက်ကင်းသော လက်နက်စနစ်များရဲ့ မျိုးဆက်သစ်အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
Zircon ဒုံးပျံကို ကီလိုမီတာ ၁၀၀၀ ဝန်းကျင်ခန့် အတွင်းအကွာအဝေးမှာ ပစ်ခတ်နိုင်ပါတယ်။ရုရှားတို့ဟာ အစောပိုင်းတုန်းက ဒီဒုံးပျံကိုရေပြင်စစ်သင်္ဘောတွေကို ပစ်ခတ်ဖို့ ဒီဇိုင်းထုတ်ခဲ့ပြီး နောက်ပိုင်းမှာတော့ မြေပြင်ပစ်ဒုံးပျံအဖြစ်ပါ တီထွင်ထုတ်လုပ်ခဲ့ပါတယ်။
အရှည်အားဖြင့် ၈ မီတာရှည်လျားတဲ့ ဒီဒုံးပျံကို သမားရိုးကျလေကာစနစ်များဖြင့် တန်ပြန်နိုင်ရန် ခက်ခဲလွန်းတာကြောင့် အနောက်နိုင်ငံနဲ့မဟာမိတ်အဖွဲ့တွေအတွက်တော့ ကျောချမ်းစရာဖြစ်နိုင်ပြီး လာမယ့်အနာဂတ်စစ်ပွဲတွေမှာ Zircon ကြောင့် ရုရှားဘက်ကအသာစီးရမယ်လို့ စစ်ရေးသုံးသပ်သူတွေက ဆိုထားပါတယ်။
ရုရှားရဲ့ နောက်ထပ်စွမ်းအားမြင့်လက်နက်တွေအကြောင်းထပ်ဖော်ပြပေးပါဦးမယ်။
အောင်ရှင်း