ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကဖွင့်လှစ်ခဲ့တဲ့ ၅၉- ကြိမ်မြောက် ထီဖွင့်ပွဲမှာ (ဆ- ၆၂၉၇၉၅) နံပါတ်နဲ့ ကျပ်သိန်း ၂၀၀၀ ဆုပေါက်ခဲ့ပေမယ့် အဲဒီဆုကို လာရောက်ထုတ်ယူခြင်းမရှိသေးသလို ကျပ်သိန်း ၂၀၀ တစ်ဆု၊ ကျပ်သိန်း ၁၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀ နှစ်ဆုအပါအဝင် ဆုမဲပေါင်း တစ်သောင်းကျော် လာရောက်ထုတ်ယူဖို့ ကျန်ရှိနေသေးတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ထားပါတယ်။
အဆိုပါ ၅၉ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှာ ဆုမဲပေါင်း ၁၀၅၇၀၉ ဆု ခွဲဝေချီးမြှင့်ခဲ့တာဖြစ်ပြီး အဲဒီအထဲက ဆုမဲပေါင်း ၁၂၆၂၃ ဆုကို ယနေ့တိုင် တောင်းခံခြင်းမရှိသေးတာကို တွေ့ရှိရတယ်ဆိုပြီး ထုတ်ပြန်ထားတာပါ။
အဆိုပါလာရောက်ထုတ်ယူခြင်းမရှိသေးတဲ့ဆုတွေက ကျပ်သိန်း ၂၀၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ တစ်ဆု၊ ကျပ်သိန်း ၁၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀ နှစ်ဆု၊ ကျပ်သိန်း ၂၀ တစ်ဆု၊ ကျပ် ၁၀ သိန်း နှစ်ဆု၊ ကျပ်သုံးသိန်း ၁၁ ဆု၊ ကျပ်နှစ်သိန်း ၇၁ ဆု၊ ကျပ်တစ်သိန်း ၈၁၅ ဆု၊ ကျပ်ငါးသောင်းဆု ၁၈၆၉ ဆုနဲ့ ကျပ်တစ်သောင်းဆု ၉၈၄၈ ဆုတို့ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီ ဆုရလက်မှတ်တွေကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာရှိတဲ့ အောင်ဘာလေသိန်းဆုဌာနခွဲရုံးတွေထံတင်ပြပြီး ဆုငွေတွေ တောင်းခံနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသလို ဇန်နဝါရီ ၃၁ ရက်အထိ ထုတ်ယူခြင်းမရှိရင်တော့ အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမယ်လို့လည်း ဖော်ပြထားပါတယ်။