သာကီမျိုးတွေ ဂုဏ်မညှိုးဖို့ စည်းလုံးကြပါစို့

ဗမာတွေစည်းလုံးညီညွတ်မှုပြိုကွဲလို့ဖြစ်ရတာ၊ ဗမာတွေကို ပြန်လည်စည်းရုံးဖို့လိုကြောင်း ဂျာနယ်မှာရော FB မှာပါ ကျွန်တော် ရေးခဲ့တာ ကြာပါပြီ။

ကျွန်တော်ဆိုရင် ဗမာနီ ဗမာစိမ်းပြိုကွဲသွားတဲ့အကြောင်း၊ Nation building ပြိုကွဲသွားတဲ့ အကြောင်းကိုပါ ပုံမျိုးစုံနဲ့ရေးခဲ့ဖူးပါတယ်။

ဗမာလူမျိုးတွေကို စည်းလုံးညီညွတ်အောင်တည်ဆောက်လိုက်မယ်ဆိုရင် ဒီတိုင်းပြည်ရဲ့ လူဦးရေ ရဲ့ ၇၀% နီးပါးရှိလို့ ကျန်တဲ့ လူမျိုးနွယ်စုတွေကိုပါ အလိုလို ထိန်းပြီးသား ဖြစ်သွားမယ်ဆိုတဲ့အထိကို ရေးခဲ့ဖူးပါတယ်။

EAOs တွေဟာ သူတို့လိုချင်တဲ့ နယ်မြေတွေကို ရရှိဖို့ ဗမာPDF တွေကို အသုံးချနေတယ်။ ရပြီးတာနဲ့ ကန်ထုတ်မယ်ဆိုတာက အစ ၁၀၂၇ စစ်ဆင်ရေးအစ မှာ MNDAA ပြောခွင့်ရလီကျားဝင်းတို့ ဂျင်းထည့်နေကြောင်းကိုပါ ၁၀၂၇ စထဲ ကလည်း ရေးခဲ့ပါတယ်။ တောက်လျှောက် သတိပေးခဲ့ပါတယ်။

ဒါပေမယ့် ဗမာPDF တွေဟာ အသက်သေခံပြီးတော့ အကျိုးမရှိတဲ့ အလုပ်ကို EAOs တွေ ခိုင်းတိုင်း လိုက်လုပ်ခဲ့ကြတယ်။ သိတဲ့ PDF တွေ ရှိနိုင်သလို မသိတဲ့ PDF တွေ လည်း ရှိနိုင်ပါတယ်။ သိသိမသိသိ ဗမာPDF အားလုံးကတော့ ရှေ့က ဗမာနိုင်ငံရေးသမားတွေလိုပဲ။ စိတ်ခံစားမှု နောက်အလွန်အကျူးလိုက်ပြီး အမုန်းတရားတွေ အညှိုးအာဃာတတွေနဲ့ မိုက်ရူးရဲဆန်စွာ လုပ်ခဲ့ကြတယ်။ အကျိုးဆက် ဗမာ PDF တွေ သိမ်းယူထားနိုင်ပါတယ်ဆိုတဲ့ မြို့တစ်မြို့တောင် လက်ညှိုးထိုးပြစရာ မယ်မယ်ရရ မရှိသေးပေမယ့် မြို့သိမ်းတိုက်ပွဲတိုင်းမှာတော့ ဗမာ PDF တွေ မသေဘဲ ရခဲ့တဲ့ မြို့ တစ်မြို့မှာ မရှိပါဘူး။

မြန်မာပြည်နိုင်ငံရေးကို လေ့လာကြည့်ရင် မြန်မာလူငယ်တွေ စံပြုအားကျခဲ့ကြတဲ့ ရဲဘော်သုံးကျိပ်ရဲ့ လက်နက်ကိုင်လမ်းစဉ်ဆိုတဲ့ နိုင်ငံရေးဓလေ့အမှားနဲ့ တည်ဆဲအစိုးရကိုဆန့်ကျင်ရင် နိုင်ငံရေး ဖြစ်တယ် ဆိုတဲ့ နိုင်ငံရေးဓလေ့ အမှားနှစ်ခုကြောင့် မြန်မာ့မြေမှာ လက်နက်ကိုင်သူပုန်အဖွဲ့ အသစ်သစ် ပေါ်ပေါက်လာဖို့နဲ့ လက်နက်ကိုင်ပုန်ကန်မှု ကြီးထွားသထက်ကြီးထွားလာစေဖို့ မြေခံရေခံကောင်းတွေ အဖြစ်တည်ရှိနေတာက ဝမ်းနည်းစရာပါ။

ဒီအယူအဆမှားတွေဟာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့၊ ငြိမ်းချမ်းသာယာဖို့ မစွမ်းနိုင်ပေမယ့် တိုင်းပြည်ကို ဖျက်ဆီးဖို့ ကတော့ ရေကန်အသင့် ကြာအသင့်မှာ ရှိနေခဲ့ပါတယ်။

အားလုံးခြုံပြောရရင် လက်ရှိအဖြစ်အပျက်တွေဟာ ဗမာပြိုကွဲမှုကနေ အဓိကမြစ်ဖျားခံလာတာကို တွေ့ရတယ်။အခုတော့ ဗမာပြိုကွဲမှုကို ဦးကိုကိုကြီးလည်းပြောလာသလို အမေရိကန်မှာရှိတဲ့ ဦးအောင်မိုးဝင်းတို့လည်း ထုတ်ပြောလာကြပြီ။ နိုင်ငံရေးကို စိတ်ဝင်စားသူ အများစုကလည်း လက်ခံလာကြပါပြီ။

ဒါ့ကြောင့် လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ ရောဂါ ကိုရှာတွေ့ခဲ့ပြီလို့ ယူဆမိပါတယ်။

ဘာလုပ်သင့်သလဲ ဆိုတာကို အကြံပြုရမယ်၊ ဗမာအမျိုးသားစည်းလုံးညီညွတ်မှု ကော်မတီလိုကော်မတီမျိုး အသင်းအဖွဲ့မျိုး မဖြစ်မနေဖွဲ့စည်း၊ ဗမာတွေ ပြန်လည်စည်းလုံးညီညွတ်လာအောင်လက်တွေ့ကျကျ အင်တိုက်အားတိုက် ဆောင်ရွက်သင့်ပါပြီ။ အင်္ဂလိပ်ခေတ် က တို့ဗမာအစည်းအရုံးလိုပေါ့ ။ လွတ်လပ်ရေးရဖို့ အထိ ထိရောက်အောင်မြင်ခဲ့တဲ့ သမိုင်းတောင် ရှိသေးရင် ဒီအချိန်မှာဗမာလူမျိုးတွေကို စည်းလုံးအောင် ဘာလို့မလုပ်နိုင်ရမှာလဲ။

ဗမာတွေစည်းလုံးတော့မယ် စည်းလုံးအောင်လုပ်နေတယ်ဆိုတဲ့ အသံကြားရုံနဲ့တင် လက်ရှိ သောင်းကျန်း နေတဲ့ EAOs အဖွဲ့တွေဟာစိတ်ပိုင်းဆိုင်ရာ အလိုလို ထိခိုက်သွားပြီး သူတို့ရှေ့တိုးမယ့် ခြေလှမ်းတွေပါ တဖြည်းဖြည်း နောက်ဆုတ်သွားပါလိမ့်မယ်။

သာကီမျိုးတွေ ဂုဏ်မညှိုးဖို့ စည်းလုံးကြပါစို့။

အောင်နိုင်သူ

Leave a Reply

Your email address will not be published. Required fields are marked *