ချမ်းအေးသာစံမြို့နယ်ရှိ နဂါးနန်းတော်ရွှေဆိုင် ဓားပြတိုက်ခံရ

ဒီဇင်ဘာ ၂၆ ရက် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ ၇၇ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ နဂါးနန်းတော် စိန်ရွှေရတနာဆိုင်ကို အကြမ်းဖက်သမားများက ဓားပြတိုက်ပြီး ခင်းထားသည့် ရွှေ (၁)ပိသာ ခန့်နှင့် ငွေကျပ်သိန်း (၃၀)ခန့် ယူဆောင်သွားကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ (၂၆)ရက် နံနက် (၈)နာရီ (၅၀)မိနစ်အချိန်က နဂါးနန်းတော် စိန်ရွှေရတနာဆိုင်၏ ဆိုင်ရှင် ဒေါ်ဥမ္မာအေးနှင့် ဝန်ထမ်း (၅)ဦး၊ လုံခြုံရေးဝန်ထမ်း (၂)ဦးတို့ ဆိုင်ဖွင့်စဉ် သေနတ်အတို(၁)လက်နှင့် အရှည် (၁)လက် ကိုင်ဆောင်ထားသည့် အကြမ်းဖက်သမား (၂)ဦးသည် ဆိုင်ကယ် Honda wave 100 စိမ်းဖြင့် ရောက်ရှိလာသည်။

ယင်းနောက် အဆိုပါ အကြမ်းဖက်သမား (၂)ဦးသည် ဆိုင်ရှင်နှင့် ဝန်ထမ်းများအား သေနတ်ပြ ခြိမ်းခြောက်ပြီး ရွှေဆိုင်တွင် ခင်းထားသည့် ရွှေ(၁)ပိသာခန့်နှင့် ငွေကျပ်သိန်း (၃၀)ခန့် ယူဆောင်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်ကလည်း အဆိုပါ နဂါးနန်းတော် စိန်ရွှေရတနာဆိုင်ကို အမျိုးသားတစ်ဦးမှ သေနတ်ပြကာ ဓားပြတိုက်ခဲ့ပြီး ဆိုင်ဝန်ထမ်းများမှ ဖမ်းဆီးနိုင်ခဲ့သည်။

▪️ယင်းအပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၈)ရက်ကလည်း  မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇ လမ်း၊ ၃၆×၃၇လမ်းကြားရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်ကို အကြမ်းဖက်သမားများက ဓားပြတိုက်ရာ ရွှေ (၄)ပိသာခန့် ပါသွားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *