ငွေကျပ် ၅ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ် ၅ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း)၊ ကက်တမင်း၊ အက်တက်စီနှင့် Happy Water များကို ဖမ်းဆီးရမိခဲ့သည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီအချိန် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ ကျန်ကြားအန်၏နေအိမ်ကို သတင်းအရရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၁၄၁ ကီလို၊ ကက်တမင်း ၂၃ ကီလိုနှင့် အက်တက်စီဆေးပြား ၁၂၈,၀၀၀ ပြားကို စတင် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး ဆက်လက်ဖော်ထုတ်စစ်ဆေးခဲ့ရာ တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါးများပိုင်ရှင် တွမ်လောင်ဖူး(ခ) အားဟွာ၏ နေအိမ်ကို ဆက်လက်ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ တွမ်ရှီးခွမ်အား စိတ်ပြောင်းဆေးဝါး Happy Water ၂ ကီလို၊ Happy-5 ဆေးပြား ၁၆,၀၀၀ ပြား၊ အက်တက်စီအမှုန့် ၉ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၅ ဒသမ ၇ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၄၁ ကီလို၊ ကက်တမင်း ၂၃ ကီလို၊ အက်တက်စီဆေးပြား ၁၂၈,၀၀၀ ပြား၊ Happy Water ၂ ကီလို၊ Happy-5 ဆေးပြား ၁၆,၀၀၀ ပြား၊ အက်တက်စီအမှုန့် ၉ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *