သတ်မှတ်ချက်နှင့်ကိုက်ညီသော မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ၎င်းတို့၏မိသားစုဝင်များအတွက် တရုတ်နိုင်ငံတွင် အများဆုံးရက်ပေါင်း ၁၈၀ နေထိုင်ခွင့်ရရှိမည့် ဗီဇာအမျိုးအစားကို မနက်ဖြန်(နိုဝင်ဘာ ၁၈ ရက်)မှ စတင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ၎င်း၏ ဝီချက်စာမျက်နှာတွင် အသိပေးထုတ်ပြန်ထားသည်။
အဆိုပါဗီဇာသည် တရုတ်နိုင်ငံသို့ ကြိမ်ဖန်များစွာဝင်ထွက်သွားလာနိုင်သည့် (Multiple Entry) အမျိုးအစားဖြစ်သည်ဟု သိရပြီး အများဆုံးဗီဇာသက်တမ်းငါးနှစ်၊ အများဆုံးနေထိုင်ခွင့်ကာလ ၁၈၀ ရက်ရှိသည့် ဗီဇာအမျိုးအစားဖြစ်သည်ဟုဆိုသည်။
❝ပြောမယ်ဆိုရင်တော့ အခုလိုလုပ်လိုက်တာ ကောင်းတာပေါ့။ ဘာကြောင့်လဲဆိုတော့ အရင်ကဆိုရင် တရုတ်ကို တစ်ခေါက်သွားတိုင်း ဗီဇာတစ်ခါယူရတယ်ဗျာ။ အခုက ဗီဇာတစ်ခါလုပ်ထားရင် တရုတ်နိုင်ငံထဲကို ငါးနှစ်အတွင်း ကြိုက်သလိုဝင်ထွက်သွားလာနိုင်မယ်။ ဒါပေမယ့် အဲ့ဒီဗီဇာကိုတော့ လူတိုင်းကိုပေးမှာမဟုတ်ဘူး။ သူတို့သတ်မှတ်ထားတဲ့ အချက်အလက်နဲ့ကိုက်ညီတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုပဲပေးမှာ။ အဲဒီမှာ သူတို့ဘက်က ဘာအချက်အလက်တွေ သတ်မှတ်ထားတယ်ဆိုတာတော့ အသေးစိတ်မသိသေးဘူး။❞ ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။
သက်ဆိုင်ရာဗီဇာလျှောက်ထားရန် ရုံးဖွင့်ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီအတွင်း ဖုန်းနံပါတ် ၀၀၉၅-၉၈၉၄၈၅၃၁၈၈ နှင့် yangon@csm.mfa.gov.cn သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ ဖော်ပြထားမှုအရ သိရသည်။
𝙈𝙃𝙏𝙉𝙀𝙒𝙎